ရေး၊ ဇူလိုင်(၈)
မွန်ပြည်နယ် ရေးမြို့နယ် ၁၄ မိုင်ကျေးရွာ တောင်ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်တပ်အရာရှိတွေအပါအဝင် တပ်အင်အား ၁၀ ဦးကျော် တပ်စွဲနေထိုင်တဲ့ အဲဒီစခန်းကုန်းကို ဇူလိုင် ၆ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ် ရင်း (၂၇)နဲ့ ရေးပြောက်ကျားတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့တာပါ။
စခန်းကုန်းဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီဘက်က ပြန်လည်ခုခံတာ မရှိတဲ့အတွက် ဆက်သွယ်ရေး တာဝါတိုင်နဲ့စခန်းကုန်းနေရာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဝင်ရောက်စီးနင်းမှုဟာ ညအချိန်ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုကို မျက်မြင်အတည်ပြုနိုင်ခြင်း မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းကုန်း ဝင်ရောက်စီးနင်းမှုမှာ စစ်ကောင်စီထံကနေ ရှေ့ထွက်မိုင်း၊ လက်ပစ်ဗုံး၊ ကျည်ဆံ၊ ကျည်ဘောက်၊ ၄၀ မမ ဗုံးသီးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆက်သွယ်ရေးတာဝါတိုင် စခန်းကုန်းဟာ တနင်္သာရီနဲ့မွန်ပြည်နယ်ကို စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်တွေ ချိတ်ဆက်အသုံးပြုဖို့ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမ ရ(၂၉၉) တပ်ရင်းနဲ့ တစ်မိုင်အကွာမှာ တည်ရှိနေတာပါ။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ ရဲကင်းစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ရဲတစ်ဦးသေဆုံးပြီး စစ်သားတစ်ဦး ဒဏ်ရာရရှိထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်ဇွန်လကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာသလို နှစ်ဖက်ရေး ပိုမိုတင်းမာလာတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Ye Guerrilla Force