မော်လမြိုင်၊ ဇူလိုင်(၈)

မိုင်းခွဲဖျက်ဆီးခံထားရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ဘီးလင်း ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ဟာ ဇူလိုင် ၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားမှာ ယာယီဘေလီတံတားထိုးဖို့ စစ်ကောင်စီတပ်၊ လမ်းဦးစီးဌာနနဲ့ ရွှေသံလွင်ကုမ္ပဏီ ဝန်ထမ်းတွေလာရောက်ပြင်ဆင်ချိန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ တံတားလာပြင်တဲ့ ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် သိမ်ဆိပ်ဆေးရုံနဲ့သထုံခရိုင်ဆေးရုံသို့ ပို့ဆောင်ကုသထားပါတယ်။

တံတားလာပြင်တဲ့အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ယာယီဘေလီတံတားထိုးမယ့် လုပ်ငန်းစဉ်ကို ရပ်နားလိုက်တယ်လို့ သိရပါတယ်။

ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ဒီနေ့မှာလည်း ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမြောက်တပ်နဲ့ ကျိုက်ထိုမြို့နယ် အခြေစိုက်စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုသေဆုံးမှုအခြေအနေ အသေးစိတ် မသိရသေးပါဘူး။

ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲမှုမှာတော့ လာစစ်တဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာတွေကိုလည်း ထပ်မံတိုက်ခိုက်ခဲ့လို့ ဌာနဆိုင်ရာဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.