ပဲခူး – ဇူလိုင်(၈)

ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် ကျိုက်ဇကော အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ပဲခူးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(ဗ.က.သ) ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင် ကို စစ်ကောင်စီဘက်က သတ်ဖြတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၈) ရက်နေ့က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၄) ဦးကို ကျိုက်ဇကော ထောင်ကခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့မှာ သေဆုံးတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုထားတာပါ။

ကိုခန့်လင်းနိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် ၅၀(ည) ၊ပုဒ်မ ၅၁(ဂ) တို့နဲ့ ထောင်ဒဏ် (၁၅) နှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ ဗ.က.သများ အဖွဲ့ချုပ်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြင်ကို ခေါ်ထုတ်ပြီး ထပ်မံနှိပ်စက်မှုတွေ ပြုလုပ်နေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသား/ကျောင်းသူ (၁၂၅) ဦးသေဆုံး ခဲ့ရပြီး (၁၂၀၆) ဦးဖမ်းဆီးခံခဲ့ရကာ အဲဒီထဲက (၇၁၆) ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေ ရတယ်လို့ AAPP ကဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ABSFU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.