ထားဝယ်၊ ဇူလိုင်(၈)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ပြီး ၅ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၆ ရက်နေ့ ညပိုင်းမှာ သင်္ကန်းတုံးကျေးရွာကနေ မြင်းမတ်တပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ မြင်းမတ်တပ်ရွာသား ဦးဟန်ဝင်းကို နေအိမ်အရှေ့မှာပဲ သေနတ်နဲ့အကြောင်းမဲ့ ပစ်သတ်သွားခဲ့တာပါ။

အဲဒီနောက် ဇူလိုင် ၇ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းဟာ မြင်းမတ်တပ်ကျေးရွာကနေ ရေဝိုင်းကျေးရွာ ချီတက်လာစဉ် လမ်းတလျှောက်က အရပ်သားပြည်သူ ၅ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁ ရက်နေ့ကစပြီး တင်အင်အား ၂၀၀ လောက်နဲ့ အရှေ့တောနယ်ဘက်ကို ဝင်ရောက်လာပြီးနောက် စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရွာစဉ်လှည့်ကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ သင်္ကန်းတုံးကျေးရွာအနီးရှိ PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ ဥသြစစ်ကြောင်း ရှေ့တန်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိသွားပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Tanintharyi Times( ပစ်သတ်ခံရတဲ့ အလောင်းကို မီးရှို့သင်္ဂြိုဟ်နေတဲ့ မြင်ကွင်း။)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.