ကျောက်ကြီး၊ ဇူလိုင်(၈)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်တာဆုံကိုရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အထူးကွန်မန်ဒိုတပ်ရင်းက ရဲဘော်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၁)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီအချိန်လောက်ကလည်း KNLA ပူးပေါင်းအဖွဲ့က ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်တာဆုံရောက် စစ်ကောင်စီတပ်ဖွဲ့ကို ဒုတိယအကြမ် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၃)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ည ၈ နာရီခွဲအချိန်က ကျောက်ကြီးမြို့နယ်၊ ကရင်ကျကျေးရွာ စာသင်ကျောင်းရှေ့မှာ သမန်းကျင်းရွာ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၈)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းအတွင်းရှိ မုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှု များပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး KNU တပ်မဟာ ၃ နယ်မြေအတွင်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေခဲ့တဲ့အတွက် အမျိုးသမီးနဲ့ကလေးတွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့သလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူမှုအဖွဲ့တွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂)