လိုင်ဇာ၊ ဇူလိုင်(၆)

ကချင်ပြည်နယ် လိုင်ဇာခရိုင်အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်အနေနဲ့ နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးလာရင် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၃) နယ်မြေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ဇူ လိုင်လဆန်းပိုင်းအထိ နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာလာတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေ ပြန်ရုတ်သိမ်းတာ မရှိဘဲ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာရှိတယ်လို့ ပြောပါတယ်။

“အခုလည်း စစ်ကောင်စီဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေ ပြန်ရုတ်သွားတာ မရှိဘူး။ ဒါကြောင့် တင်းမာတဲ့ အနေအထားဖြစ်ပါတယ်။ မနေ့ကလည်း (ဇူလိုင် ၄ ရက်နေ့) လက်နက်ကြီးနဲ့ ပစ်ကြတယ်။ အပြန်အလှန်ပစ်ကြတာပေါ့။ လက်နက်ငယ်နဲ့ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲတော့ မရှိဘူး။ လက်နက်ကြီးနဲ့ ပစ်တဲ့တိုက်ပွဲတော့ ရှိပါတယ်။ ဒီနေ့အခြေအနေတော့ မသိသေးဘူး၊ အခုထက်ထိ သေနတ်သံတွေတော့ မကြားရသေးဘူး။ သူတို့ (စစ်ကောင်စီတပ်) မဆုတ်တမ်း ရှေ့ဆက်တိုးမယ်ဆိုရင် တိုက်ပွဲက တော့ ဒီထက်ပိုပြင်းထန်လာနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ လိုင်ဇာမြို့အနီးတဝိုက်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသအတွင်းရှိ အရပ်သားပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြတာရှိပြီး အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများအပြားပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နဲ့ ၁၁ မိုင်ကျော် အကွာအဝေးမှာရှိတဲ့ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

KIO ရဲ့ လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားသွားလာဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးကနေ ဇူလိုင် ၄ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ ဗန်းမော် – မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာတာတွေ အတတ်နိုင်ဆုံး ရှောင်ရှားဖို့အပါအဝင် ကား၊ ဆိုင်ကယ်၊ ခြေလျင်ခရီးတွေနဲ့ မလွဲမရှောင်သာ သွားလာရမယ့် ကိစ္စပေါ်လာရင် စစ်ရေးသတင်းတွေကို သတိထားနားစွင့်ပြီး သွားလာကြဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့နေရာတွေကို သွားလာတာ မပြုဖို့၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ နေရာနဲ့ ဖြစ်ပွားလေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ကြဖို့၊ စစ်ကောင်စီတပ်ကို လူအင်အားဖြစ်စေ၊ ပစ္စည်းနဲ့ဖြစ်စေ ပါဝင်ကူညီတာမပြုလုပ်ဖို့နဲ့ အသုံးချခံမဖြစ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Yawng Htang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.