ကြာအင်းဆိပ်ကြီး၊ ဇူလိုင်(၆)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်၊ ဂိတ်စခန်းတွေနဲ့ စစ်ကောင်စီ တပ် အခြေပြုတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးအင်အားစုတွေက နေ့စဉ်နဲ့အမျှ တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ(၂၈၃)တပ်ရင်းဌာနချုပ်၊ ခုတ်ခွါးစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနဲ့ စစ်ကောင်စီတပ်သားအခြေပြုတပ်စွဲထားတဲ့ နေရာအများအပြားကို နေ့စဉ် ဆိုသလို တိုက်ခိုက်နေတာပါ။

ဇွန် ၂၉ ရက်နေ့ကနေ ဇူလိုင် ၅ ရက်နေ့အထိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ထားတဲ့ နေရာအများအပြားကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အကြိမ် ၂၀ ကျော် သွားရောက်တိုက်ခိုက်ထားပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ အခြေပြုနေရာတွေ ကြေမွပျက်စီးတာတွေ ရှိနေပြီး စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်(၃၁၈)က ဗိုလ်(၁)ဦးနဲ့ တပ်သား(၁)ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်သား(၅)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး (၁၂၀ မမ)၊ (၈၁ မမ) (၆၀ မမ)လက်နက်ကြီးတွေနဲ့ နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် မိမိတို့ KNLA ၊ S.O.F ၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့ဘက်က လူ၊ ပစ္စည်း ထိခိုက်ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ဘူးလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ဆိုပါတယ်။

လက်ရှိမှာ KNU တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ်၊ ခလယ်တံခွန်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်လှုပ်ရှားလာမှုနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာ(၅) ထက်မနည်း က ဒေသခံပြည်သူထောင်ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေ အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.