သိမ်ဇရပ်၊ ဇူလိုင်(၅)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ စစ်တောင်းစက္ကူစက်ရုံဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်အဖွဲ့ဝင် အင်အား ၁၀ ဦးနီးပါး လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၃ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူး ပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့တာပါ။

နှစ်ဖက်ပစ်ခတ်မှုအပြီး သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၀) အမြောက်တပ်ကနေ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်တောင်းစက္ကူစက်ရုံဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံတာနဲ့ ရိုက်နက်တာတွေရှိတယ်လို့ သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းက ပြောပါတယ်။

အဲဒီနေ့ ည ၇ နာရီအချိန်လောက်မှာလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ထိခိုက်သူတွေရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ စစ်တောင်းစက္ကူစက်ရုံဂိတ် တိုက်ခိုက်ခံရပေမယ့် သူတို့ဘက်က ထိခိုက်သေဆုံးတာမရှိဘူးလို့ ဝါဒဖြန့်တာတွေရှိနေတယ်။

ကျိုက်ထိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.