မော်လမြိုင် – ဇူလိုင်(၂)

မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းအကောင်အထည်ဖော်နေတဲ့ မြို့နယ်တွေနဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်း အကောင်အထည်ဖော်ဖို့စီစဉ်ထားတဲ့ မြို့တွေမှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့နည်းသွားတယ်လို့ ISP – Myanmar က ဇွန်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ဒီနှစ် မေလ(၃၁) ရက်နေ့အထိ တရုတ်-မြန်မာ နှစ်နိုင်ငံ စီမံကိန်းတွေလုပ်ဖို့ စီစဉ်ထားတဲ့ မြို့နယ်တွေနဲ့ တခြားအကောင်အထည် ဖော်နေတဲ့ မြို့နယ် (၆၁) မြို့နယ်မှာ တိုက်ပွဲ (၂၂၄၀) ကျော်ဖြစ်ပွားခဲ့တာပါ။

အဲဒီထဲက အကြိမ်ရေ (၁၄၈၀) ကျော်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်မတ်လအထိ ပထမ(၁၄) လအတွင်းဖြစ်ခဲ့ကာ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ ဒီနှစ်မေလအထိ ဒုတိယ (၁၄) လမှာတော့ တိုက်ပွဲအကြိမ်ရေ (၇၆၀) ကျော်ဖြစ်ပွားခဲ့ပါတယ်။

(၁၄) လတာကာလနှစ်ခုရဲ့ တိုက်ပွဲဖြစ်ပွားမှုနှုန်းမှာတော့ တရုတ်စီမံကိန်းတွေအနီးတဝိုက်မှာ (၅၀) ရာခိုင်နှုန်းလောက် လျော့နည်းသွားခဲ့တာဖြစ်တယ်လို့ ISP – Myanmar ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲပေါင်း (၂၂၄၀) ကျော်ထဲက (၁၀၀၀) ကျော်ဟာ တရုတ်-လာအို-ထိုင်း-မြန်မာလေးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြတ်သန်းရာ ကရင်ပြည်နယ်ထဲမှာဖြစ်ပွားခဲ့ပြီး နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ ဖြတ်သန်းမယ့် လွိုင်ကော်မြို့နယ်မှာလည်း တိုက်ပွဲပေါင်း (၂၂၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုက်ပွဲပေါင်း (၂၂၂) ကြိမ်ထက်မနည်းရှိခဲ့ပြီး တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက် ဖို့ ပြင်ဆင်ထားတဲ့ နယ်စပ်ကုန် သွယ်ရေးစခန်းတွေတည်ရှိရာ မူဆယ်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ (၈၀) ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ တိုက်ပွဲပေါင်း (၉၅၀၀) ကျော်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲ စုစုပေါင်းရဲ့ (၂၃) ရာခိုင်နှုန်းကျော်ဟာ တရုတ်စီမံကိန်းတွေတည်ရှိတဲ့ မြို့နယ် (၆၁) မြို့ နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ (၁၂၉၀) ကျော်ရှိခဲ့သလို စစ်ကောင်စီ PDF တိုက်ပွဲအကြိမ်ရေ (၃၀၀) ကျော်ရှိခဲ့ပြီး EAOs-PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ (၅၆၀) ထက်မနည်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှု (၄၆) ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ISP- Myanmar က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MAGWAY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.