တနင်္သာရီ – ဇူလိုင်(၂)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာဘက်ကို စစ်ကောင်စီဘက်က အင်အား (၂၀၀)ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေလို့ အနီရောင်အဆင့် သတ်မှတ်တပ်လှန့်ထားတယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့က စစ်ကြောင်းစတင်ဝင်ရောက်ခဲ့တဲ့ ဘန်းလမွတ်ရွာမှာ ဒေသကာကွယ် ရေး ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံနေအိမ် (၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အရင်ရက်တွေတည်းက အင်အားစုနေတာဖြစ်ပြီး စစ်ကြောင်းမထိုးခင်မှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်တာတွေရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ(၁) ရက်နေ့ မနက်ပိုင်းမှာ ကမ်းတိုကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားပြီး စစ်ကြောင်းမစခင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဘန်းလမွတ်၊ ကမ်းတို၊ ရမ်းဖိုနဲ့ ညောင်ပင်ကန်းအပါအဝင် ကျေးရွာ (၅) ရွာက ဒေသခံ (၃၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်ထားပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်းကို ညဘက်မသွားလာကြဖို့နဲ့ တနင်္သာရီ ပ.က.ဖ က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ဘန်းလမွတ်နဲ့ သမီးလှကျေးရွာနားမှာ တိုက်ပွဲ (၃) ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဆေးမှူး၊ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.