စစ်တွေ – ဇူလိုင် (၁)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ တက္ကသိုလ်ကျောင်းအနီးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီဝင်တွေ စီးနင်းလာတဲ့ ကားပစ်ခတ်ခံရပြီး (၃) ဦးသေဆုံးကာ (၃) ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ ဇူလိုင်လ(၁) ရက်နေ့ နေ့လည်ပိုင်းက ALP ပါတီက တပ်ရင်းမှူး အဆင့်ရှိသူ အပါအဝင် (၆)ဦးဟာ ပါတီဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းရဲ့ နေအိမ်က ထွက်ခွာလာချိန် စစ်တွေတက္ကသိုလ် ကျောင်းရှေ့အရောက်မှာ သေနတ်သမား (၃) ဦးက ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ပြီးနောက် ကားပေါ်ပါ (၆) ဦးထဲက (၃)ဦးဟာ နေရာမှာတင်သေဆုံးသွားပြီး တခြား (၃)ဦးကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ALP ပါတီဝင်တွေကို ပစ်ခတ်ခဲ့သူတွေဟာ ဘယ်အဖွဲ့ကဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးသလို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဘက်က လုံခြုံရေး တင်းကြပ်ထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ALP ပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို သံလွင်တိုင်းမ် က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ALP