စင်ကာပူ၊ ဇူလိုင် (၂) 

စင်ကာပူမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၆ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ဒါဟာ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း စံချိန်မြင့်တက်မှုဖြစ်တယ်လို့ ဒေသတွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO)က ဖော်ပြထားပါတယ်။ 

အသက် ၁၀နှစ်ကနေ ၂၉နှစ်ကြားအရွယ် လူငယ်တွေနဲ့ အသက် ၇၀-၇၉နှစ်ကြားအရွယ် သက်ကြီးရွယ်အို တွေကြား ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လို့ စင်ကာပူအစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (SOS)ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

 ၂၀၂၂ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေသူ ၄၇၆ယောက်ရှိပြီး အဲဒီမတိုင်ခင် တစ်နှစ်က ၃၇၈ယောက်ရှိခဲ့ရာကနေ ပိုများလာတာဖြစ်သလို ၂၀၀၀ခုနှစ်နောက်ပိုင်း အများဆုံး အရေအတွက်ဖြစ်တယ်လို့ (SOS)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 ဒီလို ကိုယ့်ကိုယ်ကို သတ်သေမှုပိုများလာတာက စင်ကာပူလူမှုအသိုင်းအဝိုင်းရဲ့ အထူးသဖြင့် လူငယ်လူရွယ် တွေနဲ့ သက်ကြီးရွယ်အိုတွေကြားမှာ မမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေ ပိုများလာတာကို မီးမောင်းထိုး ပြနေတာဖြစ်ကြောင်း ထုတ်ပြတ်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီလို အခြေအနေကြောင့် တာဝန်ရှိသူတွေအနေနဲ့ အများပြည်သူရဲ့ အထီးကျန်ဆန်မှုနဲ့ လူမှုရေးအရ သီးခြား ဖြစ်နေမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေခဲ့ ပြဿနာတွေကို အလေးထား ဖြေရှင်းပေး သင့်တယ်လို့ (SOS)ရဲ့ စိတ်ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ ဂျာရက်အန်က ပြောကြားပါတယ်။ 

စင်ကာပူမှာ အသက် ၁၀နှစ်နဲ့ ၂၉နှစ်အရွယ်ကြား သေဆုံးမှုတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေမှု အများဆုံး ဖြစ်နေပြီး လေးနှစ်ဆက်တိုက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

စင်ကာပူမှာ လူငယ်တွေနည်းတူ အသက် ၇၀နဲ့ ၇၉နှစ်အရွယ်ကြား ကိုယ့်ကိုယ်ကို သတ်သေသူတွေလည်း ပိုများလာခဲ့ပါတယ်။ 

ကမ္ဘာမှာ ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူမှာ သက်ကြီးရွယ်အိုတွေ ပိုပိုများလာနေပြီး စင်ကာပူနိုင်ငံသား လေးယောက်မှာ တစ်ယောက်ဟာ ၆၅နှစ် ဒါမှမဟုတ် အဲဒီအရွယ်ထက် ပိုကြီးသူတွေဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ 

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နှစ်စဉ်လူပေါင်း ၇သိန်းကျော်ဟာ ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က ပြောပါတယ်။ 

Ref,Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.