ရေး၊ ဇွန်(၂၈)

မွန်ပြည်နယ် ရေးမြို့နယ်အောင်သာယာကျေးရွာနဲ့ ကနင်းကမော့ကျေးရွာကြားမှာ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ညနေပိုင်းမှာ အောင်သာယာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ မနက် ၈ နာရီအချိန်လောက်မှာ ထပ်မံဖြစ်ပွားခဲ့ပြီး နေ့လည် ၁၁ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က လေယာဉ် ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ပွဲကြောင့် အောင်သာယာ၊ ကနင်းကမော့ကျေးရွာအပါအဝင် အနီးနားကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ဒေသခံတွေကတော့ ကျေးရွာအတွင်း ပိတ်မိတာတွေရှိနေတာပါ။

နှစ်ဖက်တိုက်ပွဲဟာ ညနေ ၃ နာရီလောက်မှာ ခေတ္တငြိမ်သက်သွားပေမယ့် အခြေအနေရှုပ်ထွေးနေတဲ့အတွက် ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကလည်း ရေးမြို့နယ် နှစ်ကရင်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ကရင်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုဘက် ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.