သရက်ချောင်း၊ ဇွန်(၂၇)

နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၂၆ ရက်နေ့မှာလည်း မီးရှို့ဖျက်ဆီးတာတွေ ထပ်မံလုပ် ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရငဲရွာအနီး မြွေတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့မနက် ၈ နာရီအချိန်လောက်က ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေတာကြောင့် ကနဦးမှာ နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးထားပြီး မီးခိုးလုံးတွေကိုသာ အဝေးကနေထိုင်ကြည့်နေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရငဲရွာကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပထမအပတ်ကစပြီး စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလားတဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် ရငဲ၊ ကနက်သီရိ၊ ကမြိုင်နဲ့ဝဲရစ်ကျေးရွာအပါအဝင် ကျေးရွာက ဒေသခံပြည်သူ လူထု ၅၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးပါဘူး။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.