ရေး၊ ဇွန်(၂၇)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ရှိ ဌာနဆိုင်ရာရုံးအများစုကို စစ်ကောင်စီက ပိတ်ထားလိုက်ပြီး ရုံးဝန်းထမ်းတွေကို ရေးမြို့နယ်ဌာနဆိုင်ရာရုံးတွေထံ ပြောင်းရွှေ့ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်မြေလုံခြုံရေး စိုးရိမ်ရတဲ့အခြေအနေကြောင့် စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ဌာနဆိုင်ရာရုံးတွေကို တဖြည်းဖြည်းချင်းပိတ်လာတာဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေးဦးစီးဌာနရုံး တစ်ရုံးသာ ဖွင့်လှစ်ထားတာပါ။

စစ်ကောင်စီက ဌာနဆိုင်ရာရုံးတွေကို ပိတ်ထားတာကြောင့် မြို့ခံတွေဟာ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ဆိုရင် ရေးမြို့အထိသွားလာနေရသလို ငွေကုန်တာအပြင် မကြာခဏပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် လုံခြုံရေးစိုးရိမ်နေရတယ်လို့ လမိုင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

လမိုင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကလည်း တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် စစ်တပ်ထဲပြောင်းရွှေ့သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီက ဌာနဆိုင်ရာရုံးတွေကို ပိတ်ထားလိုက်တဲ့အတွက် လမိုင်းမြို့ခံဝန်ထမ်းတွေဟာ ရေးမြို့အထိ ရုံးသွားတက်နေရပြီး လုံခြုံရေးစိုးရိမ်နေရတယ်လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဝန်ထမ်းတွေအနေနဲ့ နယ်ကျော်ခရီးသွားလာပါက ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစ(၁၉)ဌာနချုပ်ထံ သတင်းပေးပို့ဖို့နဲ့ ခွင့်ပြုချက်ရမှ ခရီးသွားလာကြဖို့ ဌာနဆိုင်ရာအားလုံးကို ဇွန် ၁၃ ရက်နေ့မှာ ညွှန်ကြားထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရပြီး နယ်မြေတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.