ရေး၊ ဇွန်(၂၇)

မွန်ပြည်နယ် ရေးမြို့နယ် ဒူးယားကျေးရွာမှာ ဇွန် ၂၆ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး ဒေသခံအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အသက် ၆၄ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးအောင်ဟာ ဇွန်(၂၆)ရက်နေ့လည် ၁၂ နာရီအချိန်လောက်မှာ ကျေးရွာအတွင်းရှိ နာရေးတစ်ခုကို လိုက်လံပို့ဆောင်ချိန် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးအောင်ဟာ လည်ပင်း၊ မေ့စေ့၊ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာပဲ သေဆုံးခဲ့ပါတယ်။အဲဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း နာရေးလိုက်ပါပို့ဆောင်တဲ့ ဒူးယားကျေးရွာနေ မဇင်နွယ်မှာလည်း ပေါင်နဲ့ခြေထောက်မှာ ကျည်ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလိုက်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးအောင်ဟာ စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးအောင်ကို သူတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူမှုကွန်ယက် Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကလည်း လမိုင်းမြို့မှာ မှတ်ပုံတင်ပွဲစားလုပ်ပြီး စစ်ကောင်စီထံ သတင်းပေးဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

မွန်ပြည်ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သြဇာခံပြည် သူ့စစ်အပါအဝင် သတင်းပေးဒလန်တွေ ရှင်းလင်းခံရတာ၊ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာထားတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.