ရေး၊ ဇွန်(၂၇)

မွန်ပြည်နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ထိန်းချုပ်မှုတွေ စတင်လုပ်ဆောင်နေပြီး အခြေအနေအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီလို့ တော်လှန်ရေးအင်အားစုပူးပေါင်း စစ်ကြောင်းတာဝန်ရှိသူတွေကို သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်၊ အမှတ်(၈)လမ်းမကြီးတစ်လျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းတွေဟာ နယ်မြေထိန်းချုပ်ဖို့ လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့တာပါ။

ပူးပေါင်းစစ်ကြောင်းတွေ နယ်မြေထိန်းချုပ်ဖို့ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သွားလာလှုပ်ရှားမှုတွေရှိပေနေမယ့် စစ်ကောင်စီဘက်က လှုပ်ရှားမှုမရှိတော့တဲ့ အခြေအနေကြောင့် သူတို့ရဲ့ နယ်မြေစိုးမိုးမှု ဆုံးရှုံးတဲ့ဒေသအဖြစ် သတ်မှတ်နိုင်တယ်လို့ ပူးပေါင်းစစ်ကြောင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပူးပေါင်းစစ်ကြောင်းတို့က မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေကို လှုပ်ရှားဆောင်ရွက်မှုအပေါ် စစ်ကောင်စီဘက် စစ်ကြောင်းထိုးဆောင်ရွက်တာမရှိပေမယ့် ဇွန် ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ရာဘာခြံထဲကျရောက်ပေါက်ကွဲခဲ့ပါတယ်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးကတော့ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပိုင်းကို ပူးပေါင်းစစ်ကြောင်းတွေရဲ့ စစ်ဆေးမှုတွေဟာ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို တတ်နိုင်သမျှ တားဆီးတဲ့နေရာမှာ လိုအပ်တဲ့နည်းလမ်းတွေကို အသုံးပြုသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီကိစ္စကျွန်တော်တို့ ဘာဖြစ်လို့ဆောင်ရွက်ခဲ့ရသလဲဆိုတော့ ယနေ့အချိန်မှာစစ်အာဏာသိမ်းထားမှုနဲ့အတူ စစ်အာဏာရှင်ကိုတစ်နိုင်ငံလုံးက တော်လှန်နေတဲ့ အချိန်လည်းဖြစ်တယ်။ ပြောချင်တာက စစ်အာဏာရှင်ကိုတစ်နိုင်ငံလုံးက မကြိုက်ဘူး။ သို့သော်ငြားလည်း ဒီစစ်အာဏာရှင်တွေအသုံးပြုနေတဲ့ ဒီစစ်တပ်ကနေပြီးတော့ အဓိကအားဖြင့်လူထုတွေကို ဒုက္ခပေးနေတာဖြစ်တယ်။ ဒီတော့လူထုကို ဒုက္ခပေးနေတဲ့စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ကလည်းပဲ ဖြစ်နိုင်သမျှတားဆီးတဲ့နေရာမှာ လိုအပ်တဲ့နည်းလမ်းတွေကို စဉ်းစားပြီးတော့လုပ်မယ်။ ကျွန်တော်တို့ ရေးနဲ့သံဖြူဇရပ်လမ်းကလည်းပဲ သူတို့ရဲ့စစ်အာဏာရှင်ခိုင်မြဲရေးအတွက် သူတို့ရဲ့လက် ကိုင်တုတ်ဖြစ်တဲ့စစ်တပ်က ပုံမှန်အသုံးပြုတဲ့လမ်းဖြစ်တော့ ကျွန်တော်တို့က ဒါတွေကို သေသေချာချာ ကြပ်မတ်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်တာလည်း ဖြစ်တာပေါ့။ ဒါကြောင့်မို့ ယနေ့အချိန်မှာကတော့ လူထုတွေရဲ့စစ်အာဏာရှင်အပေါ်မလိုလားတဲ့အချိန်မှာ ကျွန်တော်တို့ဆောင်ရွက်သင့်တဲ့အပေါ်မှာ ဆောင်ရွက်တာပဲလို့ ကျွန်တော်က ပြောချင်ပါတယ်” လို့ဆိုပါတယ်။

ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်မှာ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်တွေနဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ နေရာ(၃)နေရာခွဲပြီး ပြီးခဲ့တဲ့ ဇွန်လ(၁၈)ရက်နေ့က စတင်ကာလမ်းမကြီးပေါ် သွားလာနေတဲ့ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။

စစ်ဆေးနေစဉ်အတွင်း စစ်ကောင်စီနဲ့ဆက်စပ်သူ မင်္သကာဖွယ် လူ(၄)ဦးကိုလည်း တွေ့ရှိခဲ့တဲ့အတွက် ထိန်းသိမ်းခဲ့ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်းနဲ့ စစ်ဆေးပြီးမှသာ အသေးစိတ်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်ဒေသကို ထိုးဖောက်စိုးမိုးဒေသအဖြစ် ရည်မှန်းချက်ထားဆောင်ရွက်ရာမှာ KNLA တပ်ရင်း(၂၇)နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ မော်လမြိုင်-ရေး-ထားဝယ်ကလမ်းမတစ်လျှောက် နယ်မြေစိုးမိုးရေးရယူပြီး နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိနေစဉ် တဖက်မှာလည်း ရေးမြို့နယ် ပင်လယ်ကမ်းစပ်အနီးရှိ နှစ်ကရင်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ(၂၅)ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ကရင်ကျေးရွာအတွင်းက ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေထံကနေ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.