မော်လမြိုင်၊ ဇွန်(၂၇)

စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်နီးပါးအတွင်း တစ်စထက်တစ် ထိုးတက်လာတဲ့ ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းက အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာတယ်လို့ အကျိုးဆောင်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီးနောက် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၂၀၀ ကျော်နဲ့ အခေါက်ရွှေတစ်ကျပ်သား ၃၂ သိန်းကျပ်အထိ ဈေးနှုန်းထိုးတက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

ဒီအခြေအနေတွေကြောင့် ငွေကြေးတတ်နိုင်သူတွေက မော်လမြိုင်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံလာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွှေနဲ့ဒေါ်လာက ဆက်စပ်မှုရှိနိုင်တာပေါ့။ ဒါပေမယ့် အိမ်ခြံမြေမှာကျတော့ ဆက်စပ်မှုမရှိဘူးဆိုပေမယ့် ရွှေတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်နဲ့ အိမ်ခြံမြေဘက်ကို လှည့်လိုက်တာပေါ့။ ရင်းနှီးမြှုပ်နှံမှုကို အဲဒီဘက်ကို မထားတော့ဘဲနဲ့ တက်တဲ့အပေါ် ကစားတဲ့အပေါ် မူတည်ပြီး စိုးရိမ်စိတ်နဲ့ အိမ်ခြံမြေဘက်ကိုပြန်ပြီး ရင်းနှီးမြှုပ်နှံတဲ့ သဘောပါပဲ”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ မော်လမြိုင်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက်အတွင်း မြေတစ်ကွက်ကို သိန်း ၅၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာနေသလို သိန်းတစ်သောင်းတန်နဲ့ သိန်းရှစ်ထောင်တန် မြေကွက်တွေလည်းဝယ် ယူလာကြတယ်လို့ သူကဆက်ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဩဇာခံဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ဈေးကွက်မတည်ငြိမ်မှုတွေကြောင့် အိမ်ခြံမြေအ ပေါ် ဝယ်ယူစုဆောင်းတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ ပိုများလာခဲ့တာပါ။

နောက်ထပ်အကျိုးဆောင်တစ်ဦးကလည်း လတ်တလောမှာ အိမ်ခြံမြေ အရောင်းအဝယ်ပိုသွက်လာသလို နယ်ဘက်က ငွေကြေးတတ်နိုင်တဲ့သူတွေ လာတက်ဝယ်ကြတာများတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာတော့ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှာ ပေ ၄၀/၆၀ တစ်ကွက်ကို သိန်း ၅၀၀ ကနေ ၇၀၀ ဝန်းကျင်အထိ ရှိသလို ပေ ၆၀/၈၀ တစ်ကွက်ကိုလည်း သိန်း ၁၈၀၀ ကနေ ၂၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.