ရန်ကုန်၊ ဇွန်လ (၂၇)

မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၁၅၀၀၀ ခန့်နဲ့ ကျေးလက်နေပြည်သူ ၂ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့တဲ့ ချေးငွေလုပ်ငန်းဖြစ်တဲ့ Pact Global Microfinance Fund ( PGMF) လုပ်ငန်းဟာ စစ်ကောင်စီရဲ့ မလျော်ကန်တဲ့ ဖိအားပေးမှုတွေကြောင့် မှတ်ပုံတင်သက်တမ်းမတိုးတော့ဘဲ ရရန်ရှိတဲ့ချေးငွေတွေကိုပါလျော်ပစ်ပြီး နိုင်ငံအတွင်းက ထွက်ခွာတော့မယ်လို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

Pact Myanmar လို့ လူသိများတဲ့ အဲဒီချေးငွေလုပ်ငန်းဟာ အမေရိကန်အခြေစိုက်ဖြစ်ပြီး စစ်ကောင်စီရဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနထိန်းချုပ်မှုအောက်ရှိရမယ့် စီးပွားရေးအဖွဲ့အစည်းအဖြစ် အခုဇွန် ၃၀ ရက်မှာ နောက်ဆုံးပြန်လည်မှတ်ပုံမတင်နိုင်ခြင်းကြောင့် နုတ်ထွက်ရခြင်းဖြစ်တယ်လို့ အဲဒီလုပ်ငန်းက တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။

“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာလုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူသိန်းပေါင်းများစွာအတွက် ဆက်ပြီးအလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကိုခွင့်ပြုဖို့ မြန်မာအစိုးရကို နားချခဲ့ပါတယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရကနိုင်ငံကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင်လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်” လို့ PGMF ရဲ့ ဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူမစ္စ Ellen Varney က ပြောကြားထားပါတယ်။

Pact Global Microfinance Fund (PGMF)အနေဖြင့် အခြားရွေးချယ်စရာနည်းလမ်းမရှိတော့လို့ မြန်မာနိုင်ငံအတွင်းမှ ငွေရေးကြေးရေးလုပ်ငန်းပိတ်သိမ်းဖို့ စတင်စီစဉ်ရခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့ ကာလအတွင်း Pact Global Microfinance Fund (PGMF)ကို ချေးငွေအသစ်ထုတ်မပေးဖို့ တားမြစ်ခံရသလို အဖွဲ့ရဲ့အကြီးပိုင်းခေါင်းဆောင်တွေရဲ့ ဗီဇာတွေကိုလည်း ပယ်ချခံခဲ့ရရတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေလဲလှယ်ခြင်းကို စစ်ကောင်စီအနေနဲ့ တင်းကျပ်စွာချုပ်ကိုင်ထားခြင်းကြောင့် PGMF အဖွဲ့ရဲ့ မြီရှင်တွေကို အတိုးနှုန်းပေးရန်အပါအဝင် ပြည်ပငွေအဝင်အထွက်တွေကို ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပိတ်ပင်ခံရမှုတွေလည်းရှိခဲ့လို့ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲဖြစ်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

PGMF အဖွဲ့အနေနဲ့ အခုလို ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ငွေချေးယူထားသူ ၈၉၀၀၀၀ ထံမှ ကြွေးမြီအမေရိကန် ဒေါ်လာ ၁၅၆ သန်းကျော်ကို အတိုးရောအရင်းပါ ပြန်လည်မတောင်းခံဘဲ လျော်ပေးလိုက်ပြီး နိုင်ငံအတွင်းက ထွက်ခွာတာဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားထားပါတယ်။

Pact Myanmar ချေးငွေလုပ်ငန်းမှ ဝန်ထမ်းတွေရဲ့ အပိုခံစားခွင့်တွေ၊ လစာနဲ့ အခြားခံစားခွင့်များကို ကြိုတင်ပေးအပ်ထားပြီး ရပိုင်ခွင့်ရှိတဲ့ အခြားသောခံစားခွင့်တွေနဲ့ ရက်မှန်ကြေးတွေကိုလည်း ပေးသွားမှာဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

PGMF ဟာ မြန်မာနိုင်ငံမှ ရွာပေါင်း ၁၅၀၀၀နီးပါးနဲ့ ဖောက်သည်ပေါင်း ၂ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့ပြီး ၉၉ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေကို ကူညီပေးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Pact Global Microfinance Fund (PGMF)အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေပြန်ကောင်းပြီး အခွင့်သာခဲ့ရင်ချေးငွေကဏ္ဍကို ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Pact Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.