ကော့ကရိတ်၊ ဇွန်(၂၇)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ကော့ကရိတ်မြောက်ပိုင်း ကြောင်သျှာကုန်းကျေးရွာထဲကို ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံနေအိမ် ၂ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တာပါ။

ဒါ့အပြင် ဇွန် ၉ ရက်နေ့ကလည်း ကော့ကရိတ်တောင်ပိုင်း တောင်ကြားကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံနေအိမ် ၁၀ လုံးနီးပါး လက်နက်ကြီးစထိမှန်ပြီး ပျက်စီး ဆုံးရှုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ကျားဖြူစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာတွေရှိနေသလို အမြဲလိုစိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ် ၁၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ် ၃၀ နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ကျားဖြူစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.