မော်လမြိုင် – ဇွန်(၂၆)

ပြည်သူတွေရဲ့ အင်အားကို စစ်မိစ္ဆာတွေ မနိုင်ဘူးဆိုတာ သက်သေပြပြီး အနိုင်ရတဲ့အထိ တော်လှန်သွားမှာဖြစ်သလို ပြည်သူတွေကို သစ္စာခံရမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပ.က.ဖ) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်ကို ပေးပို့တဲ့ သတင်းစကားမှာ အခုလိုပြောခဲ့တာပါ။

တော်လှန်ရေးရဲ့ အဆုံးသတ်ဟာ ပြည်သူတွေရဲ့ ပန်းတိုင်ဖြစ်တဲ့အတွက် အသက်၊သွေး၊ချွေး နဲ့ ရင်းပြီး စစ်မိစ္ဆာတွေကို ချေမှုန်းကြရမှာဖြစ်သလို အသက်၊သွေး၊ချွေးနဲ့ ရင်းပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောင်ကြမယ်လို့ အသိပေးခဲ့ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ အတူ စစ်မိစ္ဆာကို ချေမှုန်းဖို့ တော်လှန်ခဲ့တာဖြစ်လို့ စစ်ဖိနပ်အောက် ပြန်သွားမှာ မဟုတ်သလို ခြေလှမ်းဦးတည်ရာ ပြန်လှည့်မှာမဟုတ်ဘဲ အဆုံးထိရောက်အောင် ဆက်လျှောက်ကြမယ်ဆို ဆိုထားပါတယ်။

မြန်မာ့မြေပေါ်မှာ နွေဦးတော်လှန်ရေးနဲ့အတူ အာဏာရှင်စနစ်ကို နိဂုံးချုပ်မှာဖြစ်သလို စစ်အာဏာရှင်အောက်မှာ ပြည်သူတွေရဲ့ မျိုးဆက်တွေကို အတိမ်မြုပ်မခံနိုင်ဘူးလို့ ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောခဲ့ပါတယ်။

လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်သလို ပြည်သူ့အင်အား ဟာလည်း တော်လှန်ရေးရဲ့ အင်အားဖြစ်တဲ့အတွက် အနိုင်ရဖို့ ကြိုးစားကြရမယ်လို့ ပ.က.ဖ ရဲဘော် တွေကို တိုက်တွန်းခဲ့ပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူ ပြည်သူ့ဘက်တော်သား၊ ပြည်သူ့ယုံကြည်အားကိုးမှု ရရှိထားသူတွေဖြစ်တဲ့အတွက် ပြည်သူနဲ့ ထိတွေ့ ဆက်ဆံချိန် မှာ နွေးထွေးပျူငှာစွာ ဆက်ဆံဖို့၊ဖေးမကူညီဖို့၊ ရဲဘော်အချင်းချင်းကြားဖြစ်စေ မဟာမိတ်နဲ့ ဖြစ်စေ စည်းလုံးညီညွတ်ပြီး အပြန်အလှန် လေးစားမှုရှိရှိနဲ့ တော်လှန်ရေးခရီးကို လျှောက်လှမ်းကြဖို့လည်း အသိပေးထားပါတယ်။

အခုချိန်မှာတော့ နွေဦးတော်လှန်ရေး (၂) နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းယူနိုင်တာတွေ ရှိနေသလို စစ်ကောင်စီတပ် ကို စွန့်ခွာပြီး ပြည်သူတွေဘက် ဝင်ရောက်လာသူတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.