ကော့ကရိတ်၊ ဇွန်(၂၅)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့မေလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲပေါင်း (၄၀၀) ကျော်ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရုံးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ကာကွယ်ရေးဌာနအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီတပ်တို့အကြား မေလအတွင်း တိုက်ပွဲပေါင်း (၄၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက် သေဆုံးသူဦးရေ(၃၄၀)ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၄)ဦးရှိတယ်လို့ KNLA စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း KNU လက်အောက်ခံ တပ်ဖွဲ့ဘက်မှာတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသူ ရဲဘော် (၇)ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ရဲဘော်(၂၄)ဦး ရှိခဲ့ပြီး အသက်ပေးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရ သူတွေထဲမှာ PDF ရဲဘော်တွေလည်း ပါဝင်တယ်လို့ KNLA စစ်ရုံးချုပ်က ထုတ်ပြန်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း(၃၈၃)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူ (၄၀၆)ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၂၀) ရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။

KNU နယ်မြေမှာ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့လည်း KHRG ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.