ရန်ကုန်၊ ဇွန်(၂၅)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ လာမယ့်ရက်ပိုင်းအတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အပစ်ရပ် ၅ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့(NSPNC) ရဲ့ ဖိတ်ကြားချက်အရ လာမယ့် ဇွန် ၂၆ ကနေ ၂၈ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အတူတူတက်ရောက်ဖို့ ရှိနေတာပါ။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ (NCA-S EAO) ၇ ဖွဲ့ မျက်နှာစုံညီအစည်းအဝေးလုပ်တယ်။ အဲဒီမှာ ကျွန်တော်တို့ ၇ ဖွဲ့စလုံးရဲ့ သဘောတူညီချက်အရ အခု NSPNC ကနေ ဖိတ်ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို ၅ ဖွဲ့က အတူတူတက်ကြမယ်။ ကျန်တဲ့နှစ်ဖွဲ့ NMSP နဲ့ RCSS ကတော့ သူ့အဖွဲ့ရဲ့ လက် ရှိအခြေအနေအရ သီးသန့်တစ်ဖွဲ့ချင်းစီသွားဖို့ ကျွန်တော်တို့ အားလုံးအတူတူ သဘောတူညီမှု ရယူနိုင်ခဲ့တယ်။ အဲဒါကြောင့်မို့ လာမယ့် ၂၆/၂၇/၂၈ သုံးရက်တာမှာ NCA-S EAO ၇ ဖွဲ့ထဲက ၅ ဖွဲ့က အတူတူသွားရောက်တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတာရှိပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ အပစ်ရပ် ၅ ဖွဲ့က အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး၊ ဖက်ဒရယ်အခြေခံမူကိစ္စတွေ၊ အရပ် သားတွေကာကွယ်ပေးရေးဆိုင်ရာကိစ္စတွေကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့EAO ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ EAO ၃ ဖွဲ့တို့ ၄ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားကြတာပါ။

ပြီးခဲ့တဲ့ ဇွန်လဆန်းမှာလည်း တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံခဲ့ကြပေမယ့် ဆွေးနွေးမယ့်အကြောင်းအရာပေါ် နှစ်ဘက်ညှိနှိုင်းမှု မပြေလည်တာကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.