ကျိုက်ထို၊ ဇွန်(၂၅)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းက စ ခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

စခန်းမှူးရဲအုပ်ဇော်မင်းအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဇွန် ၂၂ ရက်နေ့ကတည်းက စခန်းကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး လုံးဝအဆက်အသွယ်မရဘူးလို့ သိရပါတယ်။

သူတို့ ၄ ဦးဟာ လက်နက်ခဲယမ်းတွေကို ယူဆောင်သွားတာမရှိဘဲ စခန်းကနေပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးမှုဟာ အထက်ဖိအားပေးကြောင့် တာဝန်မထမ်းဆောင်ချင်လို့ ထွက်ပြေးတာဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စခန်းမှူးရဲအုပ်ဇော်မင်းအောင်ဟာ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတာ တစ်နှစ်ကျော်ကြာရှိပြီး အဲဒီအတောတွင်း ကရင်အမျိုးသားလွတ်မြောက်တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ရဲစခန်းကို ၅ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ထားပါတယ်။

စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးမှုကို စစ်တပ်ဘက်က အပြင်းအထန်လိုက်လံရှာဖွေနေပေမယ့် လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးပါဘူး။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ရဲတပ်ဖွဲ့တချို့ကို စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ထံ ပြောင်းရွှေ့တာဝန်ထမ်းဆောင်းခိုင်းမှုကြောင့် CDM မလုပ်ဘဲ ရဲပြေးအဖြစ် ထွက်ပြေးတာတွေ ရှိနေတာပါ။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ကျော် CDM ပြုလုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.