ကော့ကရိတ်၊ ဇွန်(၂၄)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)အုပ်ချုပ်နယ်မြေထဲမှာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လတာအတွင်း အရပ်သားပြည်သူ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲမှာ မေလအတွင်းက စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှု(၉)ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု(၁၀၂)ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ထုတ်ပြန်ထားချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၁)ဦးအပါအဝင် အရပ်သားပြည်သူ(၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေး(၁)ဦးအပါအဝင် အရပ်သားပြည်သူ(၁၇)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း၊ နေအိမ်အဆောက်အဦး(၂၆)လုံး၊ အိမ်စီးကား(၁)စီး ထိခိုက်ပျက်စီသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တော် လှန်ရေးရဲမေ (၁)ဦးအပါအဝင် ရဲဘော်(၃)ဦး ကျဆုံးခဲ့ရပြီး ရဲဘော်(၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တဲ့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိတာ၊ ကျန်းမာရေးဆိုင်ရာဆေးဝါးတွေနဲ့ ကုသမှုတွေ လုံလုံလောက်လောက်မရှိတာ စတဲ့ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့ KNU က ဆိုပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ အဆိုအရ KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူလူထုအပေါ်ပစ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထုတွေဟာ စိုးရိမ်ကြောက်ရွံ့နေရပြီး ပြည်သူလူထုဦးရေ(၆၀၀,၀၀၀) ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.