ရန်ကုန်၊ ဇွန်(၂၄)နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေတဲ့ တိုင်းပြည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တချို့က လူငယ်တွေကို PDF အဖြစ် သင်တန်းပေးလက်နက်ကိုင်ဆင်ကာ ဒေသတွင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။ထိုင်းနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တ ရားမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အခုလိုစွပ်စွဲပြောဆိုခဲ့တာပါ။စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူပြီး EAO တချို့ဟာ ကိုဗစ်ကာလစီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်တဲ့ လူငယ်တွေကို PDF အဖြစ် သင်တန်ပေး လက်နက်တပ်ဆင်ကာ တိုင်းပြည်တွင်း လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်အောင် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။အဲဒီပြောဆိုမှုအပေါ် ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကတော့ စစ်တပ်ကနေ နိုင်ငံ့အာဏာကို လူထုဆီကနေ ခဏခဏလုယူပြီး ခဏခဏအာဏာသိမ်းလိုက်လို့ တိုင်းပြည်မငြိမ်း ချမ်းရတာဖြစ်တဲ့အတွက် စစ်ကောင်စီပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ပါတယ်။“ကျွန်တော်တို့ တိုင်းပြည်မငြိမ်းချမ်းရတဲ့ အကြောင်းအရင်းကတော့ ဒီစစ်တပ်ကနေ နိုင်ငံတော်အာ ဏာကို ပြည်သူလူထုဆီကနေ လုယူပြီးတော့ ခဏခဏအာဏာသိမ်းလိုက်တဲ့ကိစ္စပါပဲ။ ၁၉၆၂ ၊၁၉၈၈ အခု နွေဦးတော်လှန်ရေးဖြစ်ပေါ်စေတဲ့ ၂၀၂၀ အာဏာသိမ်းမှုတွေက သက်သေပါပဲ။ အဲဒါကြောင့် အဲဒီအာဏာသိမ်းမှုကြောင့်ပဲ ကျွန်တော်တို့နိုင်ငံက မငြိမ်းချမ်းတာ။ ပြီးတော့ ၁၉၆၂ ကတည်းက ဒီကနေ့အထိ ပြည်တွင်းစစ်ဖြစ်နေတယ်။ ဘယ်တော့မှ ကျွန်တော်တို့ နိုင်ငံမတည်ငြိမ်ခဲ့ပါဘူး၊ မငြိမ်း ချမ်းခဲ့ပါဘူး။ အဲဒါက တိုင်းသိပြည်သိအားလုံးအသိပါ။ အဲဒါကို စစ်ကောင်စီက အဲဒီလိုတစ်ဖက်ကိုလွှဲချပြီးပြောနေတာက ဘာမှအခြေအမြစ်မရှိတဲ့ စကားလုံးတွေပါပဲ”လို့ သူက ဆိုပါတယ်။မဲစာရင်းမှာယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဒီမိုကရေစီလိုလားသူ အရပ်သားပြည်သူတွေကို သေနတ်ဖောက်ပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေ၊ ဖမ်းဆီးသတ်ဖြတ်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာပါ။ဒီအခြေအနေမှာ စစ်အုပ်ချုပ်ရေးယန္တရားအောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားရှင်သန်ခွင့် ဆုံးရှုံးခဲ့ကြရပြီး အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် လူငယ်တွေကို PDF အဖြစ် တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကလည်း စစ်ကောင်စီပြောတဲ့ စကားဟာ ယုတ္တိမရှိသလို အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေ၊ လူငယ်တွေကို လက်နက်နဲ့ချေမှုန်းခဲ့တာ တစ်နိုင်ငံလုံး၊ တကမ္ဘာလုံးသိတဲ့ကိစ္စလို့ တုံ့ပြန်ပါတယ်။” နိုင်ငံတကာအခင်းအကျင်း ဆွေးနွေးပွဲတစ်ခုမှာ အခုလိုစစ်ကောင်စီ ကိုယ်စားလှယ်ပြောတဲ့ ယုတ္တိယုတ္တန်မရှိတဲ့စကားက အင်မတန်မှ ရီစရာကောင်းပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ သဘောဆန္ဒထုတ်ပြနေတဲ့ ပြည်သူလူငယ်တွေကို လက်နက်တွေနဲ့ ချေမှုန်းတိုက်ခိုက်ခဲ့တာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးသိတဲ့ကိစ္စပါ။ ဒါကို မဟုတ်တမ်းတရားနဲ့ EAO တချို့ကနေ အခုလိုမျိုး လူငယ်တွေကို လက်နက်တပ်ဆင်ပြီးတော့ ဆူပူထကြွအောင် လုပ်တယ်ဆိုတဲ့ဟာက အင်မတန်မှ ရီစရာကောင်းတဲ့ စကားတစ်ခွန်းလို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။စစ်ကောင်စီကတော့ PDF တွေဟာ လက်နက်ကိုင်တိုက်ခိုက်ရာမှာ စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်တာ မဟုတ်ဘဲ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်ခြင်းသာဖြစ်ပြီး ဆန့်ကျင်ဘက်ပါတီဝင်တွေ နိုင်ငံဝန်ထမ်း၊ စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ဒါ့အပြင် စစ်တပ်ဟာ အတွေ့အကြုံနဲ့ စွမ်းရည်ပြည့်ဝတဲ့ တပ်ဖြစ်တဲ့အတွက် သာမာန်လက်နက်ကိုင်အဖွဲ့တွေကို လွယ်ကူစွာ အင်အားသုံးချေမှုန်းနိုင်စွမ်းရှိပေမယ့် နိုင်ငံသားတွေသာ များစွာသေကြေဒဏ် ရာရမှာဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတာလို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဲဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တာပါ။နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အကြမ်းဖက်မှုမျိုးစုံ၊ ဖျက်ဆီးမှုမျိုးစုံကို စစ်ကောင် စီက မလုပ်ချင်ဘဲလုပ်နေရတဲ့ သဘောနဲ့ နိုင်ငံတကာမိတ်ဖက်တွေအပေါ် လက်ရှိအခြေအနေအမှန်ကို ကျောခိုင်းပြီးတင်ပြနေတာလို့ ဝေဖန်တာပါ။“တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့နှစ်နှစ်အတွေ့အကြုံကို ပြန်ကြည့်လိုက်ရင်သိပါတယ်။ အခုက စစ်တပ်က ၁၀၀ ရာခိုင်နှုန်းရှိရာကနေ ၅၀ ကျ၊ PDF တွေက သုညကနေ ၅၀ ရာခိုင်နှုန်းကျော်အထိ တက်လာတယ်။ နောက်အကြမ်းဖက်မှုလုပ်လိုက်တာကလည်း ကမ္ဘာကစံချိန်တင်ရတဲ့အခြေအနေထိပေါ့ဗျာ။ အကြမ်းဖက်မှုမျိုးစုံ လူထုကိုဖျက်ဆီးမှုမျိုးစုံ ဒီလိုလုပ်နေတာတွေဟာ သူတို့အနေနဲ့ မလုပ်ချင်ဘဲ လုပ်နေရတယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီအင်အားစုတွေ သူတို့တပ်မ တော်ကို မယှဉ်နိုင်ပါဘူးလို့ သူတို့က နိုင်ငံတကာက သူ့မိတ်ဖက်တွေကို သူတို့အနေနဲ့ လက်ရှိအခြေ အနေအမှန်ကို ကျောခိုင်းပြီး လိမ်လည်တင်ပြနေတာလို့ ကျွန်တော်သုံးသပ်ပါတယ်” လို့ သူက ဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာနကနေ တွက်ချက်မှုအရ လက်ရှိအချိန်မှာ စစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်ရင်းတွေနဲ့ လက်ရုံးတပ်တွေ အားလုံးပေါင်းရင် အင်အား စုစုပေါင်း ၂၂၀,၀၀၀ ကျော်ကနေ ၂၄၀,၀၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းမှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ရန်သူ့အင်အား ၂၉၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သလို ၁၁၀၀၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရစေခဲ့တဲ့အပြင် စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ တပ်မ တော်သား ၁၃၀၀၀ ကျော်လည်း ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တာ ဖြစ်ပါတယ်။နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် စစ်ကောင်စီတပ်ကို ရရာလက် နက်စွဲကိုင် တော်လှန်ရေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၅၀၀ ထက်မနည်း ပေါ်ပေါက်လာပြီး စစ်အာ ဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဆင်နွှဲနေတာပါ။သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေရ စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ်တာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်မနည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-MOFA Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.