မယ်စဲ့ – ဇွန်(၂၄)

ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီအခြေစိုက်စခန်း တစ်ခုကို ကရင်နီပူးပေါင်းတပ်တွေ ထပ်မံသိမ်းယူလိုက်နိုင်တယ်လို့ ကရင်နီစစ်ရေး သတင်း အချက်အလက်စင်တာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၃) ရက်နေ့ မနက်အစောပိုင်းမှာ မယ်စဲ့အရှေ့ဘက်က စစ်ကောင်စီ ဗျူဟာကုန်း ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းယူးခဲ့တာပါ။

ကရင်နီပူးပေါင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့တဲ့ စခန်းကုန်းတွေဟာ စစ်ကောင်စီ အတွက် အလွန်အရေးပါတဲ့ နေရာတွေဖြစ်တယ်လို့ KNPP ပြည်ထဲရေးဝန်ကြီး ညေးရယ်က ပြောပါတယ်။

” ပထမတစ်ချက်ပြောရရင်နယ်စပ်ဖြတ်မယ်ဆိုအဲဒီလမ်းကြောင်းတွေဖြတ်ရတယ်လေ။ဒီ ၁၃ တို့ ၁၄ တို့ အဲဒီဗျူဟာကုန်းတို့ဆိုတာ စစ်ရေးကြေညာချက်တွေ ဘယ်လိုလုပ်မလဲ။ဘယ်လိုသွားမလဲ ဆိုတဲ့ဗျူဟာတွေ ချမှတ်တဲ့နေရာပေါ့။အဲဒီဗျူဟာကုန်းတွေက အရာရှိတွေခပ်များများနေတဲ့နေ ရာပေါ့။နယ်စပ်မြို့ကိုလွှမ်းထားတဲ့နေရာပေါ့။နယ်စပ်မြို့ကိုလွှမ်းမိုးထားတဲ့ပထဝီအနေအထားတောင်ကုန်းမြို့ပေါ့။” လို့ သူက ပြောပါတယ်။

မယ်စဲ့မြို့အရှေ့ဘက်ခြမ်းက ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက် ပြီးနောက် စစ်ကောင်စီက လေယာဉ်(၄) စီးနဲ့ လာရောက်ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက်နေ့ကစပြီး နယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ တောင်လှ၊မယ်တနွယ်၊BP-14 နဲ့ မယ်စဲ့စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နေတာပါ။

ထိုင်းကယားနယ်စပ်မှာ စစ်ကောင်စီရဲစခန်းအပါအဝင် နယ်စပ်တပ်စခန်း (၆) ခုရှိပြီး အဲဒီထဲက (၅)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူထားပြီးဖြစ်သလို ကျန်ရှိနေတဲ့ BP-13 စခန်း ကုန်းဟာလည်း လက်နက်ချအညံ့ခံလိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီစခန်းကုန်းတိုက်ပွဲတွေကို အရင် BGF အဖြစ်ကနေ မူလတပ်ရင်းဖြစ်တဲ့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက် မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်အကောင့်တွေမှာ စွပ်စွဲပြောဆို တာတွေရှိနေသလို သွေးခွဲမှုတွေလုပ်နေတာလည်း တွေ့ရပါတယ်။

အရေးပါတဲ့ စခန်းကုန်းတွေ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီဘက်က အဲဒီနေရာတွေကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် အင်အားဖြည့်တင်းတာတွေလုပ်နေပြီး ပူးပေါင်းတပ်တွေဘက်ကတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ထိုင်း-ကယားနယ်စပ် စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရမှု)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.