မကွေး – ဇွန်(၂၄)
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ စုဖွဲ့၊လေ့ကျင့်၊လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်မှု အခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၃) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူတွေ၊တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေတက်ရောက်ခဲ့ကြပြီး မကွေးတိုင်း တာဝန်ခံက မိန့်ခွန်းပြောကြားကာ တာဝန်ရှိသူတွေက တပ်ရင်း(၅) ရင်းကို လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေနဲ့ တနှစ်မဟာဗျူဟာနဲ့အညီ စစ်ဆင်ရေး စီမံချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်နက်တပ်ဆင်မှုတွေကိုလည်း စဉ်ဆက်မပြတ် အားထုတ်ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေအတွက် တပ်ရင်း တစ်ရင်းကို မောင်းပြန် သေနတ် (၅)လက်နှုန်း တပ်ဆင်ပေးထားပြီး အခု မကွေးတိုင်းကို တပ်ဆင်ပေးတဲ့ လက်နက်တွေကိုတော့ အရေအတွက် ဖော်ပြထားတာမရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD