မော်လမြိုင်၊ ဇွန်(၂၄)

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ပြုလုပ်လိုက်ပြီးနောက် ဒေါ်လာနဲ့ရွှေဈေးနှုန်းဟာ ခန့်မှန်းလို့မရတဲ့အထိ ဈေးနှုန်းမြင့်တက်လာသလို မတည်ငြိမ်မှု ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

အမေရိကန်အစိုးရက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူသန်းရောင်းဝယ်ရေးဘဏ် (MICB) အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ဇွန် ၂၁ ရက်နေ့မှာ ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်တာပါ။

အဲဒီဂယက်ကြောင့် ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၂၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို အရောင်းကောင်တာအများစုမှာလည်း အရောင်းအဝယ်ပိတ်ထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

ဒေါ်လာဈေးနှုန်းကြောင့် ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၂ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို ဈေးမဖွင့်နိုင်တော့တဲ့အထိ အနေအထားထိ ရောက်ရှိလာခဲ့တာပါ။

ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုအပေါ် စစ်ကောင်စီက ပြည်တွင်းဈေးကွက်မှာ ဒေါ်လာရောင်းချနေသူတွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် ရွှေဈေးနှုန်းပါ မဖွင့်နိုင်တော့ဘူးလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနေ့ကတော့ (၃၂)သိန်း၊ ဒေါ်လာဈေးက (၃၀၈၀)။ ဈေးကွက်ထဲမှာ ဖမ်းတာဆီးတာတို့၊ ဗဟိုဘဏ်ထုတ်ပြန်ချက်တို့ရှိတဲ့ အခါကျတော့ ဒေါ်လာဈေးက မထွက်သေးဘူးလေ။ အဓိကဒေါ်လာကို သူတို့တွေကပုံပြီး ဖမ်းနေလားမသိဘူး။ ဒေါ်လာမထွက်နိုင်တော့ ရွှေဈေးလည်း မထွက်လာတာပေါ့။ ဒေါ် လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးကို မြှောက်ပြီးတော့ (၁.၈၇၅)နဲ့ စားတော့မှ မြန်မာ့ရွှေဈေးထွက်တာဆိုတော့ ဒေါ်လာဈေးမထွက်တော့ ရွှေဈေးပါမထွက်သေးတာ အဲဒီလိုမျိုး။ အရောင်းအဝယ်တွေက အေးနေတယ်။ ဈေးကွက်ထဲမှာ ပြန်ရောင်းလို့ရှိရင်လည်း အတက်အကျတွေက ဘာမှန်းမသိတဲ့ အခါကျတော့ ဈေးအရမ်းကွာတော့ ရောင်းတဲ့သူတွေက နာတယ်လေ။ သူတို့ကလည်း အခြေအနေစောင့်ကြည့်မယ်ဆိုပြီး မရောင်းဘဲကိုင်ထားတာပေါ့နော်။ ဝယ်တဲ့သူတွေကလည်း မဝယ်ရဲဘူးပေါ့။ ဈေးကအရမ်းမြင့်နေတာကို။ ပြီးတော့ ဈေးကလည်း မငြိမ်ဘူးပေါ့။ အခြေအနေတစ်ခုခုဖြစ်ပြီးတော့ အချိန်မရွေး ပြုတ်ကျသွားတာတို့၊ အချိန်မရွေး ဒီထက်ပိုတက်သွားတာတို့ဖြစ်နိုင်တော့ အရောင်းအဝယ်တွေက အေးနေတယ်။ အကုန်လုံးက စောင့်ကြည့်တဲ့အနေအထား ဖြစ်နေကြတာ”လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက်လာမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ဇွန် ၂၁ ရက်နေ့ကစပြီး အွန်လိုင်းထရိတ်ဒင်းစနစ်နဲ့ တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဈေးနှုန်းသတ်မှတ်ပြီး သူကိုယ်တိုင်အရောင်းအဝယ် ပြုလုပ်လာတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဗဟိုဘဏ်ဟာ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်တွေနဲ့ ဝယ်ယူသူတွေကြား၊ ဝယ်ယူသူအချင်းချင်းကြား အရောင်းအဝယ်တွေကို အွန်လိုင်းစနစ်နဲ့ တင်ပြကြဖို့ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေကို ညွှန်ကြားထားတာပါ။

နိုင်ငံပိုင်ဘဏ်တွေအနေနဲ့ အမေရိကန်ဘဏ်တွေနဲ့ဆက်စပ်ပြီး ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားတာ၊ ချိတ်ဆက်ပြီး လုပ်ဆောင်နေတာမျိုးမရှိတဲ့အတွက် စီးပွားရေးပိတ်ဆို့ခဲ့ရင်တောင်မှ ထိခိုက်မှုမရှိဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၀ ရက်နေ့မှာ ပြောဆိုပါတယ်။

ငွေကြေးအကဲခတ်တွေကတော့ နိုင်ငံခြားငွေကြေးအကောင့်တွေကို အဓိကစီမံခန့်ခွဲနေတဲ့ ဘဏ်တွေအပေါ် အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုကြီးမားနိုင်လာတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.