ရန်ကုန် – ဇွန်(၂၄)

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၅၆) ရပ်ကွက်နဲ့ (၇၀) ရပ်ကွက် ကြားမှာရှိတဲ့ ကျူးကျော်နေအိမ် (၁၀၀) ကျော်ဟာ စည်ပင်သာယာပိုင်မြေပေါ်မှာ ရှိနေတဲ့အတွက်ဆိုပြီး တစ်လအတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ အသိပေးလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။

စစ်ကောင်စီဖယ်ရှားခိုင်းနေတဲ့ နေအိမ်တွေဟာ NLD အစိုးရလက်ထက်က ကျူးကျော်သက်သေ ခံကဒ် ထုတ်ပေးထားသူတွေဖြစ်တယ်လို့ သိရပါတယ်။

“မိုးတွင်းအချိန်ကြီးမှာ အတင်းရွှေ့ခိုင်းတာကတော့ ဘယ်လိုမှ လူဆန်တဲ့ကိစ္စမဟုတ်ဘူး ကျွန်တော်တို့တွေက သူတို့ကိုလည်းကြောက်နေရတယ်။ ဘာဆက်လုပ်ရမလဲမသိတော့ဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် သူတို့တွေဟာ ဝါးရုံတောကို ကျူးထားတာဖြစ်သလို လယ်ယာမြေပေါ်မှာ ဆောက်လုပ်ထားတဲ့ အိမ်တွေဖြစ်ပြီး ဦးသိန်းစိန်လက်ထက်တည်းက နေထိုင်ကြသူတွေဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူဟာ စစ်တပ်ပိုင်မြေနေရာတွေကို အလကားနီးပါး ရယူတာတွေ ရှိနေပေမယ့် ပြည်သူတွေကိုတော့ စည်ပင်သာယာပိုင်မြေပေါ်မှာ နေထိုင်ကြသူတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း က ပြည်သူတွေနေထိုင်တဲ့ နေအိမ်တွေကို အဓမ္မဖယ်ရှားခိုင်းတာတွေရှိနေသလို အတင်းဖြိုဖျက်တာတွေလည်း လုပ်ဆောင်နေတာဖြစ် တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဆက်လက်မလုပ်ဖို့ တားမြစ်ထားသလို နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ အတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစဉ်တွေကို မဖြစ်မနေ အာမခံ ဖော်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.