မုဒုံ၊ ဇွန်(၂၄)

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ သြဇာခံ ပြည်သူ့အဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ လုံခြုံရေးယူလေ့ရှိတဲ့ အထက်တန်းကျောင်းအနီး ကင်းတဲမှာ ဇွန် ၂၂ ရက်နေ့ နေ့ လည် ၃ နာရီအချိန်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းရှေ့ကင်းတဲမှာ လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမျိုးလွင်ဟာ ဦးခေါင်းနဲ့ ခြေထောက်တွေမှာ မိုင်းစထိမှန်ပြီးနေရာမှာပဲ သေဆုံးခဲ့သလို ပြည်သူ့စစ်အဖွဲ့ဝင် ဦးတင်လှိုင်ကတော့ လက်နဲ့ခန္ဓာကိုယ်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီဗုံးပေါက်ကွဲမှုဟာ ထောင်မိုင်းကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ ပြောဆိုနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မိုင်းပေါက်ကွဲပြီးနောက် ကမာဝက်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သလို ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းလွှတ်ချိန်မတိုင်မီ ကျောင်းလွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီမိုင်းပေါက်ကွဲမှုဟာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင် PDF လာထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်ရှိအချိန်အထိ တစ်စုံ တစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မွန်ပြည်နယ် ကမာဝက်မြို့ဟာ မွန်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂၀၉) အခြေစိုက်တဲ့ဒေသလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJSee translation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.