ရေး၊ ဇွန်(၂၃)

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာအနီးရှိ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်တပ်၊ ရဲအပြင် ပြည်သူ့စစ်အဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ချောင်းတံတားစစ်ဆေးရေးကို ဇွန် ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အနည်းဆုံးတစ်ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ချောင်းတောင်ကျေးရွာထဲကို စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ရေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တဆက်တည်း အဲဒီနေ့မနက် ၁၁ နာရီအချိန်က လမိုင်းမြို့ နာရီစင်အနီးမှာ မှတ်ပုံတင်ပွဲစားလုပ်ပြီး စစ်ကောင်စီထံ သတင်းပေးလုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံဒေါ်စန်းမြင့်ကြွယ်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ရေးချောင်းတံတား စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲအချိန် ၄၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရေးဘီလူး/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.