ရေး၊ ဇွန်(၂၃)

မွန်ပြည်နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ မော်လမြိုင်- ရေးကားလမ်းထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတွေအပါအဝင် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၈)ရက်နေ့ကစပြီး အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နဲ့ PDF ပူးပေါင်းစစ်ကြောင်းတို့က နယ်မြေထိန်းချုပ်လှုပ်ရှားဖို့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ပူးပေါင်းတပ်ဖွဲ့ဟာ ဇွန်လ(၂၀)ရက်နေ့ကလည်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းတစ်လျှောက် နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုတွေလုပ်ဆောင်နေစဉ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ အဲဒီလမ်းပိုင်းထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ပူးပေါင်းတပ်ဖွဲ့ ထိမှန်ခဲ့တာ မရှိပေမယ့် ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ ရော်ဘာခြံထဲကျရောက်ကွဲခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံနဲ့ လုပ်ငန်းခွင်တွေထဲသွားဖို့ စိုးရိမ်မှုတွေရှိနေသလို ခရီးသွားလာဖို့ပင် ကြောက်ရွံ့နေရတယ်လို့ ရေးဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်နက်ကြီးတွေကိုစိုးရိမ်တာပေါ့။ သူတို့ရှိတဲ့နေရာကိုလည်း မသွားရဲဘူး။ အဲဒီလိုဖြစ်နေလို့ပေါ့။ သွားလာရင် ဒီလက်နက်ကြီးတွေနဲ့ လှမ်းထုနေတော့ အရပ်သားတွေတစ်ခါတလေထိတယ်။ အဲဒီလိုမျိုးပေါ့နော်။ ကြောက်ကြတာပေါ့လေ။ ဘယ်မှာပဲဖြစ်ဖြစ် သူတို့သတင်းရရင် လက်နက်ကြီးနဲ့လှမ်းထုမှာကြောက်လို့။ သူတို့ အချင်းချင်းပစ်တာကအကြောင်းမဟုတ်ဘူး။ ဒီအရပ်သားတို့၊ ဘာမှမသိတဲ့လူတွေကို ထိသွားရင်တော့ဘယ်လိုလုပ်မလဲဆိုပြီး ခြံသမားတွေအားလုံးကစိုးရိမ်တာပေါ့” လို့ ဆိုပါတယ်။

အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဇွန်လ(၂၂)ရက်နေ့ မနက်ပိုင်းကလည်း KNLA၊ S.O.F နဲ့ ရေးဘီလူးပူးပေါင်းစစ်ကြောင်းတို့က နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ဆောင်ရွက်နေတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန်ပါတယ်။

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်၊ အမှတ်(၈)လမ်းမကြီးတစ်လျှောက်မှာ ဇွန်လ (၁၅)ရက်နေ့ကစတင်ပြီး သွားလာနေကြတဲ့ မော်တော်ယာဉ်တွေအနေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့က စစ်ဆေးမှုကို လုပ်ဆောင်တဲ့အခါ ယာဉ်ကိုရပ်တန့်ပြီး စစ်ဆေးခံကြဖို့၊ ယာဉ်ပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူ၊ ပစ္စည်းတွေကို မတင်ဆောင်ဖို့ KNLA တပ်ရင်း(၂၇)ဌာနချုပ်က ဇွန်လ(၁၀)ရက်နေ့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် ခရီးသွားပြည်သူအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူတကွ စီးနင်းလိုက်ပါခြင်းမပြုဖို့၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ယာဉ်တွေအနေနဲ့လည်း ကြည်ဖြူစွာရပ်တန့်စစ်ဆေးခံကြဖို့ မေတ္တာရပ်ခံထားပါတယ်။

KNLA တပ်ဖွဲ့အနေနဲ့ အမှတ်(၈)လမ်းမကြီးတစ်လျှောက်မှာ ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီ ဖြစ်တဲ့အတွက် ခရီးသွားပြည်သူလူထုတွေ ထိခိုက်နစ်နာဆုံးရှုံးမှု မဖြစ်စေဖို့နဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူလူထုကို အကာအကွယ်ယူပြီး သွားလာအသုံးပြုနေကြတဲ့အတွက် အမိန့်ကိုထုတ်ပြန်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.