မော်လမြိုင် – ဇွန်(၂၃)

မြန်မာနိုင်ငံကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး တစ်လကျော်ကြာတဲ့အထိ စစ်ကောင်စီ ဘက်က ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ သွားရောက်မယ့် လူမှုကူညီရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ပင်ထားတယ်လို့ UNOCHA က ဇွန်လ(၂၂) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံတွေရဲ့ ဆိုးရွားနေတဲ့ စားဝတ်နေ ရေး အခြေအနေတွေဟာ ပိုမိုဆိုးရွားလာခဲ့သလို မုတ်သုန်ရာသီနဲ့ မိုးသည်းထန်စွာရွာသွန်းတာ တွေကြောင့် ရေကြီးရေလျှံမှုတွေလည်း မုန်တိုင်းသင့်ဒေသတွေကို ပြင်းထန်တဲ့ အကျိုးဆက် တွေ ခံစားနေရတာပါ။

လက်ရှိအချိန်မှာတော့ မုန်တိုင်းဒဏ်သင့် ပြည်သူ (၁၁၀၀၀၀) ကျော်အတွက် အမိုးအကာနဲ့ တခြား ကယ်ဆယ်ရေး ပစ္စည်းတွေ ကူညီပေးထားသလို ရခိုင်ဒေသခံ (၃၀၀၀၀၀) နီးပါးကို လည်း စားနပ်ရိက္ခာ အကူအညီတွေ ထောက်ပံ့ပေးထားတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာလည်း စစ်ကောင်စီက အကူအညီဖြန့်ဝေရေးနဲ့ သယ်ယူပို့ဆောင်ရေး အတွက် ပိတ်ပင်ထားဆဲဖြစ်သလို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ သဘောထားတွေကို စောင့်ဆိုင်း နေရ တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် UNOCHA အနေနဲ့ လိုအပ်ချက်တွေများနေတဲ့ ဒေသခံတွေဆီကို ဝင်ရောက်ကူညီခွင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့အတွက် နေပြည်တော်နဲ့ ပြည်နယ်အဆင့် သက်ဆိုင်ရာအာဏာပိုင်တွေ နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ UNOCHA က မိတ်ဖက်အဖွဲ့အစည်းတွေဆီ ရန်ပုံငွေ ဒေါ်လာ (၃၃၃) သန်းတောင်းခံထားပေမယ့် လက်ရှိ အချိန် ထိ ဒေါ်လာ(၁၀) သန်းသာ ရရှိသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်း၊မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မုန်တိုင်းဒဏ်သင့် ပြည်သူ (၁.၆) သန်းကျော် အထိရှိ နေတယ်လို့ ဒေသတွင်း အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ(ရခိုင်ပြည်နယ်မှာ မုန်တိုင်းဝင်ရောက်ပြီး အခြေအနေ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.