ပေါင်၊ ဇွန်(၂၃)

မွန်ပြည်နယ် ပေါင်မြို့မိုးနှိုင်းရပ်ကွက်ရှိ ဒေသအခေါ် တောင်ပေါ်ဓါတ်တိုင်ကျောင်းမှာ ဘုန်းကြီးတစ်ပါးကိုသတ်ဖြတ်ပြီး အိမ်သာကျင်းအတွင်းပစ်ချကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ ညပိုင်းက ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်စားနေတဲ့ လူတစ်စုနဲ့ ကျောင်းနေ အသက် ၆၀ အရွယ် ဦးကောသလ္လတို့ စကားများ ရန်ဖြစ်မှုဖြစ်ပွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီနောက် အရက်သောက်စားနေတဲ့ လူ ၄ ဦးက ဦးကောသလ္လကို ပုဆိန်နဲ့ခုတ်သတ်ပြီးနောက် ဘုန်ကြီးကျောင်းအနောက်က အိမ်သာကျင်းအတွင်းပစ်ချကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်အပေါ် ကျောင်းထိုင်ဆရာတော်ရဲ့ တိုင်ကြားချက်အရ ဦးကောသလ္လကို သတ်ဖြတ်မှုမှာ ပါဝင်တယ်ဆိုတဲ့ ရဲလင်းထွန်း၊ ဘိုဘိုနဲ့ အနှေးဆိုသူတို့ကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။

ဒါပေမဲ့ အဲဖြစ်စဉ်မှာပါဝင်သူ နောက်တစ်ဦးဖြစ်တဲ့ သိန်းဇော်ဆိုသူက ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ရဲတပ်ဖွဲ့ဘက်က လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ဦးကောသလ္လရဲ့ ရုပ်အလောင်းကိုတော့ ပေါင်မြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ခိုးမှု၊ လုယက်မှုတွေအပြင် ပစ္စည်းလုသတ်ဖြတ်တာနဲ့ လူသတ်အလောင်းဖျောက်ဖျက်မှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-မိုးနှိုင်းလူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.