ရန်ကုန်၊ ဇွန်(၂၃)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်ဇွန် ၂၁ ရက်နေ့အထိ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရသူ ၉၁ ဦးအထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ ၉၁ ဦးမှ အမျိုးသား ၈၈ ဦး အမျိုးသမီး ၃ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိကျေးရွာတွေက ဒေသခံ ၃၀ ဦးကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကျုံပါကျေးရွာနေ ဦးမြသိန်းနဲ့ကိုကျော်မြင့်သိန်း၊ ဖိုးစပါယ်ကျေးရွာနေ ဒေါ်တင်မျိုးခိုင်၊ ဦးဝင်းဇော်ဌေးနဲ့ ဦးဆံရှည်တို့ငါးဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

AAPP ရဲ့ အချက်အလက်တွေအရ ၂၀၂၁ နှစ်အတွင်း ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သတ် ဖြတ်ခံရသူ ၄၅ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၂ ဦး၊ အခုနှစ်အတွင်း ၁၄ ဦး သတ်ဖြတ်ခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မအမျိုးမျိုးတပ်ခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၅၇ ဦးအထိ ရှိလာပြီး အဲဒီထဲမှာ မျက်ကွယ်သေဒဏ်ချမှတ်ထားသူ ၄၂ ဦး ပါဝင်ပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၃၇၀၀ နီးပါးအထိ ရှိလာပြီလို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.