သရက်ချောင်း၊ ဇွန်(၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အတွက်၂ ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ကနက်သီရိ၊ ရငဲ၊ ကမြိုင်၊ ဝဲရစ်၊ ကျွဲမင်းကုန်းအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတစ်သောင်းကျော်ဟာ ဘေးလွတ်ရာနေရာတွေနဲ့ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီထဲက စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ဟာ နေရပ်ပြန်သွားကြပေမယ့် ကျန်စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ကတော့ ရငဲကျေးရွာပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေ ဆက်ရှိနေတဲ့အတွက် နေရပ်မပြန်ရဲကြသေးပါဘူး။

စစ်ရှောင်ဒေသခံတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတဲ့အမျှ အခြေခံစားနှပ်ရိက္ခာနဲ့ အမိုးအကာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တဖက်မှာတော့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလကျရောက်နေတဲ့အတွက် ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ အအေးမိဖျားနာနဲ့ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတာကြောင့် ဆေးဝါးအကူအညီ လိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၃၄,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.