မော်လမြိုင်၊ ဇွန်(၂၂)

မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လတတိယအပတ်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့ မေနဲ့ အခုဇွန်လအတွင်း ကူးစက်ဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာသလို အဲဒီ ၂ လအတွင်း ရောဂါဖြစ်ပွားသူ ၃၀၀ ကျော် ရှိခဲ့တာပါ။

မြို့နယ်အလိုက်ရောဂါဖြစ်ပွားမှုမှာ မော်လမြိုင်မြို့နယ်မှာ ၉၇ ဦး၊ ပေါင်မြို့နယ်မှာ ၈၅ ဦး၊ ကျိုက်မရောမြို့ နယ်မှာ ၅၆ ဦး၊ ချောင်းဆုံမြို့နယ်မှာ ၃၉ ဦး၊ ရေးမြို့နယ်မှာ ၃၈ ဦးနဲ့ အများဆုံး ဖြစ်ပွားနေပြီး ကျန်မြို့နယ်တွေမှာ ၁၀ ဦးနဲ့အထက် ရောဂါဖြစ်ပွားတာတွေလည်း ရှိနေတာပါ။

အဲဒီထဲမှာ ပေါင်မြို့နယ် အလှပ်ကျေးရွာက ကလေးငယ်တစ်ဦးဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး အချိန်မီဆေးကုသခွင့်မရတဲ့အတွက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ အခုလကစပြီး သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ထပ်မံမြင့်တက်လာနိုင်တဲ့အတွက် ကလေးသူငယ်တွေ ဖျားနာပါက အထူးသတိထားကြဖိုနဲ့ ၃ ရက်ထက်ပိုပါက ဆေးရုံ၊ဆေးခန်းပြကြဖို့ တိုက်တွန်းတာပါ။

သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ အေးဒီး(စ်) ခြင်ကျားကိုက်ခံရတာကတဆင့် ကူးစက်တဲ့ရောဂါဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ မိမိတို့ နေအိမ်နဲ့အနီးတဝိုက်မှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်ကြဖို့ လိုအပ်တာပါ။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.