မော်လမြိုင်၊ ဇွန်(၂၂)

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲတယ်ဆိုပြီး စစ်ကောင်စီက ဒေသခံ ၉ ဦးဖမ်းဆီးကာ ပန်းပျိုးဥယျာဉ် အရောင်းဆိုင်တစ်ဆိုင်ကို ချိပ်ပိတ်လိုက်တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်မြို့ ရွှေမြိုင်သီရီရပ်ကွက် သစ်ခွမင်းသမီးပျိုးဥယျာဉ်ဆိုင်မှာ ဇွန် ၁၉ ရက်နေ့ နံနက်ပိုင်းက ပန်းလာဝယ်သူတွေ များပြားခဲ့တဲ့အတွက် ဆိုင်ရှင်မှပန်းတွေကို အခမဲ့ဝေငှပေးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲဒီနောက် သတင်းပေးမှတဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲတယ်လို့ဆိုပြီး ဆိုင်ရှင်အပါအဝင် ပန်းလာဝယ်သူတွေကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို ဇေယျာသီရိနယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အဲဒီထဲက ပန်းလာဝယ်သူ ၈ ဦးကို ခံဝန်လက်မှတ်ရေးထိုးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက သစ်ခွမင်းသမီး ပျိုးဥယျာဉ်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဇေယျာသီရိနယ်မြေရဲစခန်းမှာ ဆက်လက်ဖမ်းဆီးထားပြီး ဆိုင်ကိုယာယီသိမ်းဆည်းထားကြောင်း စာကပ်ထားပါတယ်။

မြို့ခံတစ်ဦးကတော့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ပြည်သူတွေကို အကြောက်တရားသွင်းပြီး ဖိနှိပ်တာ ဖြစ်ကြောင်းနဲ့ စစ်အစိုးရလက်ထက်မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ လှုပ်ရှားသွားလာခွင့် လုံးဝဆိတ်သုဉ်းသွားပြီလို့ ဝေဖန်ပါတယ်။

အခုနှစ် ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၇၈ နှစ်ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအဖြစ် ဒီမိုကရေစီလိုလားသူတွေက နိုင်ငံတဝန်းမှာ ပန်းသပိတ်ဆင်နွှဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အကြမ်းမဖက်တဲ့ ပန်းသပိတ်ဆင်နွှဲမှုအပေါ် စစ်ကောင်စီ ထောက်ခံတွေကဖမ်းဆီးဖို့ လှုံ့ဆော်တာအပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပေးသူတွေကို နာမည်တကွ ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတဝန်းမှာတော့ ပန်းသပိတ်ဆင်နွှဲတယ်ဆိုပြီး စစ်ကောင်စီက ပြည်သူ ၆၀ နီးပါးကို ဖမ်းဆီးခဲ့သလို အဲဒီထဲက အရပ်သားပြည်သူတချို့ကို အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.