ထီးလင်း – ဇွန်(၂၂)

မကွေးတိုင်း၊ထီးလင်းမြို့နယ် ကို စစ်ကောင်စီရဲ့ ကျောက်ထုအမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သံဃာတစ်ပါးအပါအဝင် (၇) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၁) ရက်နေ့ ညနေပိုင်းက ကျောက်ထု အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွာသာကျေးရွာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

“ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဘုန်းတော်ကြီး၊ကိုရင် တွေကို ထိတာ။ သေဆုံးတာမျိုးတော့မကြားသေးဘူး။ တစ်ယောက်ကတော့ ဒဏ်ရာစိုးရိမ်ရတယ် ပြောတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွာသာကျေးရွာ ကျောင်းထိုင်ဆရာတော်၊ ကိုရင်းကြီးတစ်ပါး၊အညာကျေးရွာက ပြည်သူလေးဦးနဲ့ အကြည်ရွာက ပြည်သူ တစ်ဦး စုစုပေါင်း (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ထီးလင်းမြို့နယ်ကို စစ်ကောင်စီ-ပျူစောထီးပူးပေါင်းပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ(၂၁) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသူ (၅) ဦးထက်မနည်းရှိခဲ့တဲ့အတွက် အခုလို ပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ (၉) စီးပါယာဉ်တန်းဟာ ပေါက်မြို့နယ်က တဆင့် ထီးလင်းမြို့နယ် အညာရွာ နဲ့ အကြည်ရွာ ကြားမှာရောက်ရှိနေတဲ့အတွက် ကျောက်ထု-မင်းတပ် ကားလမ်းကို ပြည်သူတွေ အသုံးမပြုကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ဟာ ခုခံတော်လှန်စစ်အားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးခံနေရတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာတော့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူ (၃၀၀) ကျော် သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ထီးလင်းမြို့နယ် အကြည်ဘန်ရွာကို စစ်တပ်မီးရှို့ထားတဲ့ မြင်ကွင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.