ရေး၊ ဇွန်(၂၂)

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့တဲ့ မွန်ပြည်သစ်ပါတီက စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုအပေါ် တာဝန်ယူပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ မွန်ပြည်နယ်အစိုးရကို ဇွန် ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ဝင်းတမော့ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ မိထွေးထွေးကြည်ရဲ့ ဖြစ်စဉ်အပေါ် မွန်လူထုအတွင်း ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် မွန်ပြည်သစ်ပါတီက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မိထွေးထွေးကြည်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က နေအိမ်မှာထမင်းချက်ဖို့ပြင်ဆင်နေချိန် ခေါဇာမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ မွန်ဒေသအခေါ် ဝင်းတမော့ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပေါ် ဗမာစစ်တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးခဲ့ရတာကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ မွန်ပြည်နယ်အစိုးရကို မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့တာပါ။

တောင်းဆိုချက်နဲ့ပတ်သက်ပြီး မွန်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ လိုက်လျောမှာမဟုတ်သလို ဒီလုပ်ရပ်ဟာ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်လူထုကြား ပုံရိပ်ကောင်းကျန်ခဲ့ဖို့ ကြိုးပမ်းတာလို့ ဝေဖန်ပါတယ်။

“ကျွန်မတော့ မထင်ဘူး၊ သူတို့(စကစ)လာပြီး တာဝန်ယူလိမ့်မယ်လို့။ ဘာလို့လဲဆို သူတို့ Role နဲ့ ကိုယ့် Role က ဆွေးနွေးနေတယ်သာပြောတာ။ တကယ်တမ်းကျ ဘက်မျှတယ်လို့ သူတို့က ကိုယ့်အ ပေါ် (မပသ)မြင်တာ မဟုတ်ဘူး။ ကိုယ်ကအောက်ကနေလျှိုပြီးမှ ကိုယ့်ပြည်နယ်စစ်ပွဲမဖြစ်ရင်ပြီးရော သူတို့ လေယာဉ်နဲ့လာ ဗုံးမကြဲရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ပဲ အမြဲတမ်းကိုယ်က ဒီလိုမျိုးနေတာပဲ။ ပြီးတော့မှ ဆွေးနွေးပွဲသွားတာလည်း ၂၀၀၈ ခြေဥကိုပြင်ပေးဖို့တို့ ဒီလိုမျိုးတွေ သွားတောင်းဆိုလာတာ ဘာတွေရခဲ့တာရှိလို့လဲ။ ခေါဇာက မွန်အမျိုးသမီးအပေါ် စစ်ကောင်စီက တာဝန်ယူမှုတာဝန်ခံမှုအ ပြည့်နဲ့ တာဝန်ယူပေးပါဆိုတာမျိုး မွန်ပြည်သစ်တောင်းဆိုတဲ့ဟာကို ကျွန်မတော့လိုက်လျောမယ်လို့ မထင်ဘူး။ တစ်ခုရှိတာ မွန်ပြည်သစ်ပါတီအနေနဲ့ သူတို့ရဲ့ မွန်လူထုတွေကြား ကောင်းတဲ့ပုံရိပ်ကျန်ခဲ့အောင် ဒါမျိုးတွေလုပ်နေပါတယ်ဆိုတာမျိုး အသံထုတ်ပေးတာလို့ပဲ ကျွန်မတော့ခံစားရတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးပစ်ခတ်မှုပြီးနောက် အဲဒီနေ့မှာပဲ မိထွေးထွေးကြည်တို့နေအိမ်ကို ရောက်ရှိလာပြီး သူတို့ပစ်ခတ်တာမဟုတ်ကြောင်း လာရောက်ပြောဆိုပြီး ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန် ၁၈ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်က ထပ်မံရောက်ရှိလာပြီး မိထွေးထွေးကြည်အတွက် နာရေးကူငွေဆိုပြီး ငွေကျပ် ၂ သိန်းကို မဖြစ်မနေယူဆောင်ရမယ်ဆိုတဲ့သဘောနဲ့ အတင်းလာပေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မွန်အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက အရပ်သားသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေပေါ် လျော်ကြေးထက်ပိုပြီး ဘယ်အဖွဲ့အစည်းကမှ ဥပဒေလမ်းကြောင်း အရ အထောက်အပံ့ပေးနိုင်တာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးဖြစ်တဲ့ဖြစ်စဉ်အားလုံးက လျော်ကြေးထက်ပိုပြီးတော့ မရှိနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူပဲတပ်ကပဲဖြစ်ဖြစ် အားလုံးကလုပ်လိုက်ပြီးတော့မှ သူတို့က အားလုံးငြင်းကြတာပဲ။ ဘယ်အဖွဲ့ပစ်တာလဲ၊ ငါတို့အဖွဲ့လုပ်တာမဟုတ်ဘူး၊ ဟိုဘက်အဖွဲ့က လုပ်တာလို့။ အဲဒီပုံစံနဲ့ အချင်း ချင်းသူတို့ စွပ်စွဲနေကြမှာပဲ။ ဆိုတော့ ကျွန်တော်ထင်တာ ပြည်သူတွေရဲ့အသက်ကို လျော်ကြေးတစ်စုံ တစ်ရာ ပေးတာကလွဲပြီး ဘယ်အဖွဲ့အစည်းမှ အပြည့်အဝပြန်ပြီး (ဥပဒေလမ်းကြောင်းအရ) အ ထောက်အပံ့ပေးဖို့ မရှိနိုင်ဘူး” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မိထွေးထွေးကြည်ရဲ့ ကျန်ရစ်သူမိသားစုကို မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်နဲ့ ရေးမြို့ဆက်ဆံရေးရုံးက တာဝန်ရှိသူတွေက ဇွန် ၂၀ ရက်နေ့မှာ သွားရောက်တွေ့ဆုံပြီးနောက် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့တာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အခုနှစ် ၆ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးအထိ ရှိခဲ့တာပါ။

အဲဒီထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး၊ ညမထွက်ရအမိန့်ကျော်လွန်လို့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြား အရပ်သားနှစ်ဦး သေဆုံးခဲ့ရပါတယ်။

ရေးချောင်းဖျားဒေသမှာ ဗဟိုဌာနချုပ်အဖြစ် အခြေတည်ထားတဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၅ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.