နေပြည်တော်၊ ဇွန်(၂၂)

နိုင်ငံခြားငွေကြေးအကောင့်တွေကို အဓိကစီမံခန့်ခွဲနေတဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုချမှတ်လိုက်ပါက မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှု ကြီးမားနိုင်လာတယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

အမေရိကန်အစိုးရဟာ စစ်အာဏာရှင်တွေဆီ နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်ဖို့အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ အဲဒီဘဏ်၂ ခုအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai PBS က အခိုင်အမာရေးသားလာပါတယ်။

ဒီပိတ်ဆို့မှုဟာ စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ စစ်ရေးဆင်နွှဲနိုင်တဲ့ စွမ်းရည်တွေကို လျော့ချနိုင်ဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်မယ်ဆိုတဲ့သတင်းကြောင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကတော့ ပိတ်ဆို့အရေးယူမှုချမှတ်လိုက်ပါက မြန်မာ့စီးပွားရေးတစ်ခုလုံး ထိခိုက်မှုတွေရှိလာနိုင်သလို နိုင်ငံအချင်းချင်း ငွေလွှဲတဲ့ကိစ္စတွေ၊ ရင်းနှီးမြုပ်နှံမှုကိစ္စအပါအဝင် ဆက်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ကြီးမားလာနိုင်တယ်လို့ သုံးသပ်တာပါ။

“ထိခိုက်နိုင်တာပေါ့။ ကျွန်တော်တို့အကုန်လုံးလည်း ထိခိုက်သွားမှာ၊ အခုဟာက ကျွန်တော်တို့ရဲ့ဒီနိုင်ငံတစ်ခုလုံးရဲ့ အသက်သွေးကြောလို့ဖြစ်နေတဲ့ ဘဏ်တွေပါလာပြီ။ ပြောရမယ်ဆိုရင် ဒါကတစ် နိုင်ငံလုံးနဲ့ ဆိုင်သွားရော၊ ဒီလိုဘဏ်တွေကို မြန်မာပြည်ရဲ့ အစိုးရဘဏ်တွေလို့ ပြောလို့ရတယ်။ ကျွန် တော်တို့ဆီမှာက တခြားဘဏ်တွေဆိုတာက အဲဒီလိုမျိုးအခွင့်အရေးက ရတာမဟုတ်ဘူး။ တကယ်လို့ ငွေတွေဘာတွေလွှဲရင် နိုင်ငံအချင်းချင်းငွေလွှဲတဲ့ကိစ္စတွေမှာတော့ အစိုးရဘဏ်ကိုပဲ အဓိကအားထားရတာလေ။ ဆိုတော့ အစိုးရဘဏ်ကို လုပ်တယ်ဆိုတာ အစိုးရလုပ်ငန်းတွေ ဒီစစ်တပ်တို့ ဘာတို့တစ်ခုထဲအတွက်မဟုတ်ဘူး၊ တခြားသော ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စတွေလည်းပါတယ်။ ပြီးတော့ တယ်လီကွန်းဆိုင်ရာပေါ့ အများကြီးထိခိုက်သွားနိုင်တယ်”လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်ဘဏ်တွေအ နေနဲ့ အမေရိကန်ဘဏ်တွေနဲ့ဆက်စပ်ပြီး ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားတာ၊ ချိတ်ဆက်ပြီး လုပ် ဆောင်နေတာမျိုးမရှိတဲ့အတွက် စီးပွားရေးပိတ်ဆို့ခဲ့ရင်တောင်မှ ထိခိုက်မှုမရှိဘူးလို့ ဇွန် ၂၀ ရက်နေ့မှာ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ဘဏ်တစ်ဘဏ်တည်းက ဆောင်ရွက်တာမဟုတ်သလို ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြားဘဏ်တွေနဲ့ ဘဏ်ခွဲတွေကနေ ဆောင်ရွက်ပေးလျက်ရှိနေပြီး ပူပန်စရာမလိုဘူးလို့လည်း ဆိုပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုဟာ စစ်ခေါင်းဆောင်တွေကို ရည်ရွယ်တာဖြစ်ပေမယ့် အဲဒီဘဏ် ၂ ခုမှာ ဝန်ဆောင်မှု ရယူနေသူတွေအတွက် အခက်အခဲဖြစ်လာနိုင်ပြီး မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ရှိ မရှိ စောင့်ကြည်ရမယ့် အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။

“အဓိကသူတို့တားဂတ်ကတော့ စစ်အစိုးရပေါ့။ နိုင်ငံပိုင်ဘဏ်နဲ့လုပ်လို့မရလည်း တခြားပုဂ္ဂလိကဘဏ်နဲ့ လုပ်ကြမှာပဲ။ စီးပွားရေးကို သိသိသာသာကြီးထိဖို့တော့ မမြင်ဘူး။ ဒါပေမယ့် အဲဒီနှစ်ဘဏ်တော့ထိမှာပေါ့လေ။ သူတို့မှာ သူတို့ရဲ့ကာစတန်မာတွေက တခြားပုဂ္ဂလိကဘဏ်တွေကိုပဲ ရွှေ့သွားကြတော့မှာပေါ့။ အကျိုးဆက်တွေကိုတော့ တစ်ချက်စောင့်ကြည့်ရဦးမှာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အမေရိကန်ရဲ့ အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်တာဖြစ်သလို နိုင်ငံသူနိုင်ငံသားတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှု ဖြစ်စေနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့တာတွေအပြင် စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ဒဏ်ခတ်အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီကနေ့အချိန်ထိ မထိရောက်သေးဘူးလို့ သွေးစွန်းငွေဖြတ်တောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ထောက်ပြဝေဖန်တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.