ကျိုက်မရော၊ ဇွန်(၂၂)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဇွန် ၂၀ ရက်နေ့ ညနေပိုင်းမှာ ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက် (၃) ဗညားနွဲ့လမ်းမှာရှိတဲ့ ဒေါ်ခင်မျိုးမြင့်ရဲ့ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းသွားခဲ့တာပါ။

စစ်ကောင်စီကတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေအိမ်ကိုချိပ်ပိတ်သိမ်းဆည်းရတာလို့ ဆိုပါတယ်။

ဒေါ်ခင်မျိုးမြင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်တယ်ဆိုပြီး ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင်ခံရလို့ တိမ်းရှောင်နေတာဖြစ်ပြီး အဲဒီနောက်မှာ စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ပါ အမှုဖွင့်ထားတာပါ။

နေအိမ်ချိပ်ပိတ်ခံရတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။

ဒေါ်ခင်မျိုးမြင့်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၂ ကြိမ်စလုံး အနိုင်ရထားတဲ့ NLD ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့ မှတ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း NLD ပါတီဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.