မော်လမြိုင်၊ ဇွန်(၂၁)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှု ပိုမိုကြီးထွားလာပေမယ့် အရေးယူဆောင်ရွက်မှု မရှိသလောက် နည်းပါးနေတယ်လို့ မူးယစ်ဆေးဝါးအရေးလုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုအရ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မုဒုံ၊ကျိုက်မရော၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ သိသိသာသာ ကြီးထွားလာပြီး ကျန်မြို့နယ်တွေဖြစ်တဲ့ ပေါင်၊ချောင်းဆုံ၊မော်လမြိုင်၊ ဘီးလင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့မှာလည်း သုံးစွဲရောင်းချမှု မြင့်တက်နေပါတယ်။

အဲဒီထဲမှာ မြင်းဆေးလို့ခေါ်တဲ့ WY ဆေးပြားတွေအပြင် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးမှု မြင့်တက်လာသလို တချို့မြို့နယ်တွေမှာ ပေါ်တင်သုံးစွဲတဲ့အထိ ဖြစ်ပေါ်လာတယ်လို့ မူးယစ်ဆေးဝါးအရေးလုပ်ဆောင်နေသူတွေက ဆိုကြပါတယ်။

မူးယစ်ဆေးဝါးအရေး လုပ်ဆောင်နေသူတစ်ဦးကတော့ လက်ရှိအခြေအနေမှာ WY ဆေးပြားနဲ့ ဘိန်းစာရွက်ပြုတ်ရည်နှစ်မျိုးစလုံး အသုံးများလာကြပေမယ့် ဘိန်းစာရွက်ကို အများဆုံးအသုံးပြုနေကြပြီး ရောင်းတဲ့သူတွေ အခွင့်အလမ်းပိုရှိလာတဲ့အတွက် လူငယ်တွေ တော်တော်များများ စွဲလာကြတယ်လို့ ပြောပါတယ်။

“သူတို့ကနှစ်မျိုးစလုံးကို သုံးတယ်။ ဒါပေမယ့် များသောအားဖြင့် ဘိန်းစာရွက်ကိုပဲ အများဆုံးသုံးတာပေါ့။ WY က နည်းတာပေါ့။ အဓိကတော့ သူတို့ကိုထိန်းမယ့်သူတွေ ဖမ်းမယ့်သူတွေ မရှိတော့ဘူးလေ။ ရှိနေတာက ရောင်းနေတဲ့သူတွေ တိုးပွားလာတဲ့အခါကျတော့ သူတို့ကပဲပိုပြီးတော့ ဆက်ပြီး သုံးစွဲလာကြတာများတယ်။ နောက်ပြီးတော့ အခုအခြေအနေမှာ ကျောင်းလည်းတော်တော်များများ ပိတ်ထားရတဲ့အခါကျတော့ မူးယစ်ဆေးဝါးလိုင်းကိုပဲ သွားတာများတယ်။ ရောင်းတဲ့သူတွေကလည်း အရင်ကထက် အခွင့်အလမ်းပိုပြီးရှိလာတဲ့အတွက် လူငယ်တွေတော်တော်များများ မူးယစ်ဆေးဝါးကို ပိုပြီးစွဲလာကြတဲ့ အခြေအနေရှိတယ်”လို့ သူက ဆိုပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်အတွင်းရှိ လူငယ် ၇၀ ရာခိုင်နှုန်းဟာ ဘိန်းစာရွက်ပြုတ်ရည်ကို အများဆုံးသုံးစွဲနေပြီး ကျန် ၃၀ ရာခိုင်နှုန်းကတော့ မြင်းဆေးလို့ခေါ်တဲ့ WY ဆေးပြားတွေကို သုံးစွဲနေကြတာပါ။

ဒါ့အပြင် ဘားနဲ့ကလပ်တွေလည်းမှာ အပြင်းစားမူးယစ်ဆေးဝါးထဲမှာပါဝင်တဲ့ အက်စတာဆီနဲ့ ကက်တမင်းတို့ကို ပေါ်ပေါ်တင်တင် သုံးစွဲရောင်းချနေကြတဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်လာပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုဟာ ကျေးလက်ဒေသနေ လူငယ်တွေကြားမှာကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှု ပိုမိုမြင့်တက်လာသလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမရှိနေဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

ရေးမြို့နယ်ဒေသခံတစ်ဦးကလည်း သူတို့ဒေသအတွင်း အလယ်တန်းကျောင်းနေအရွယ်ကနေ အ သက် ၆၀ ပိုင်းအထိ အရွက်ပြုတ်ရည်သောက်တဲ့ ဓလေ့ဆိုးဆိုးဝါးဝါးဖြစ်လာသလို WY ဆေးပြားကိုလည်း လူငယ်ကနေ လူလတ်ပိုင်းအထိ သုံးစွဲမှုမြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာ ကလေးကနေ ဟိုးအသက် ၆၀ ပိုင်းအထိကို အရွက်ပြုတ်သောက်တဲ့ဓလေ့ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ တချို့လူကြီးပိုင်းတွေက ဆီးချိုပျောက်တယ်၊ ခါးနာပျောက်တယ်ဆိုပြီး စွဲ လန်းတဲ့အဆင့်ရောက်သွားကြတယ်။ ဒီဘက် လူငယ်ပိုင်းကနေပြီးတော့ လူကြီးပိုင်းထိ ဘိန်းစာရွက်ပြုတ်တဲ့ဓလေ့က တော်တော်လေးကို ကျွန်တော်တို့မှာ ပျံ့နှံ့သွားပြီ။ WY ကတော့ လူငယ်ကနေ လူလတ်ပိုင်းလောက်ထိ သုံးစွဲမှုတော့ မြင့်တက်တာပေါ့၊ အရင်ချိန်ထက်စာရင် ပိုပြီးတော့ များလာတာပေါ့။ ရောင်းဝယ်ဖောက်ကားမှုလည်း များလာတယ်။ ရေးပိုင်းမှာ ကြည့်မှာဆိုရင် လုံခြုံရေးမရှိတဲ့ပိုင်းပေါ်မူတည်ပြီး ပိုပြီးတော့ ဖမ်းဆီးမှုလည်း မရှိသလောက် ဖြစ်သွားတာပေါ့။ ဖမ်းဆီးပြီး ငွေပေးလွှတ်တဲ့ အနေအထားတွေ ဖြစ်လာခဲ့တယ်”လို့ သူက ဆိုပါတယ်။

ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတဲ့အတွက် သုံးစွဲမှု မြင့်တက်လာရတာ ဖြစ်ပါတယ်။

မွန်ကျေးရွာတချို့မှာ အလှူမင်္ဂလာပွဲကအစ နာရေးအိမ်အဆုံးအလှူမှာ ပါဝင်ကူညီကြတဲ့ ချက်ပြုတ်ရေးအဖွဲ့တွေနဲ့ ဝေယျာဝစ္စအဖွဲ့တွေကို ဘိန်းစာရွက်ပြုတ်ရည်နဲ့ ဧည့်ခံတဲ့အနေအထားကလည်း ပေါ်ပေါ်တင်တင်ကြီး ဓလေ့တစ်ခုလို ဖြစ်လာနေတာပါ။

ဘိန်းစာရွက်ပြုတ်ရည်ကို ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်၊ ကိုကာကိုလာအရည်စတဲ့ ပစ္စည်းတွေရောနှောပြီး ရေရှည်မှာ အလွန်အကျွံသောက်သုံးမယ်ဆိုရင် ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးရှုထောင့်ကနေ ထောက်ပြကြတာတွေလည်း ရှိနေတာပါ။

လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးကလည်း ဘိန်းစာရွက်ပြုတ်ရည်သောက်နေကျသူတွေ အဲဒါကို မသောက်ရရင် ကြွက်သားတွေနာလာပြီး အမျိုးအမည်မသိတဲ့ရောဂါနဲ့ ဆေးရုံတင်ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သူကြုံခဲ့ရတာတွေကို ပြောပြပါတယ်။

“သူတို့ ဘိန်းစာရွက်ပြုတ်ရည်မသောက်ရရင် တစ်ကိုယ်လုံးကိုက်ခဲတယ်၊ နာကျင်တယ်။ ပြီးတော့ကျရင် နှာရည်ယိုတယ်။ ကိုယ်လက်မအီမသာဖြစ်တာပေါ့။ အဲဒီဒဏ်ကို မခံနိုင်လို့ဆက်သောက်တယ်၊ ဆက်သောက်ရင်း ဆက်သောက်ရင်းနဲ့ စွဲလန်းတဲ့အနေအထားဖြစ်လာတယ်။ အဲဒါမသောက်ရရင် ဘာမှလုပ်လို့မရ၊ အိပ်ရာထဲ လဲနေတယ်။ ကြွက်သားတွေ နာလာတာပေါ့။ ကျွန်တော်တို့ လူမှုကူညီရေးအတွေ့အကြုံအရ အမျိုးအမည်မသိတဲ့ ရောဂါနဲ့ ဆေးရုံတင်တယ်၊ သေသွားတယ်။ ဆေးမှတ် တမ်းမှာလည်းစစ်တော့ ဒီလူကထူး ထူးခြားခြားဘာမှလည်း ဖြစ်တာမတွေ့တဲ့အပြင် လူနာက ဗိုက်အောင့်တယ်၊ အစာအိမ်ကြည့်တော့လည်း ဘာမှမဖြစ်ဘူး။ ဒီအတိုင်းကြီး သေသွားတဲ့လူတွေ များတယ်ပေါ့”လို့ သူက ဆိုပါတယ်။

မူးယစ်ဆေးဝါး အမျိုးအစားမှာပါဝင်တဲ့ WY နဲ့ ဘိန်းစာရွက်ကိုသုံးစွဲပြီး နောက်ဆက်တွဲ ပြဿနာအနေနဲ့ အဲဒါတွေကို မသောက်ရရင် အလုပ်မလုပ်ချင်တော့သလို ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှု ကျဆင်းလာပြီး လူမှုဝန်းကျင်နဲ့ တဖြည်းဖြည်းရှောင်ခွာလာတဲ့ သဘောမျိုးတွေ မြေပြင်အနေအထားမှာ ဖြစ်ပေါ်နေတာပါ။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုမြင့်တက်လာတဲ့ ပြဿနာကို အမြန်ဆုံးထိန်းချုပ်နိုင်ခြင်းမရှိပါက ပိုမိုဆိုးရွားတဲ့အခြေအနေထိ ရောက်ရှိလာနိုင်တယ်လို့ မူးယစ်ဆေးဝါးအရေးလုပ်ဆောင်သူတွေက ထောက်ပြကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုအားလုံးရဲ့ ရာနှုန်းပြည့်နီးပါးဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ EAOs နဲ့ NUG/PDF တို့ ဆက်စပ်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဘိန်းထုတ်လုပ်မှုစစ်တမ်း “စိုက်ပျိုးမှု ထုတ်လုပ်မှုနဲ့ အကျိုးအဆက်များ” အစီရင်ခံစာမှာ ဖော်ပြချက်အရ အရင်ကကျဆင်းနေတဲ့ ဘိန်းစိုက်ပျိုးမှုဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ၃၃ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်မားလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.