ရေး၊ ဇွန်(၂၁)

မွန်ပြည်နယ်ရေးမြို့နယ် ကျောက်မိချောင်း(တောင်)ကျေးရွာမှာ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ကို ဇွန် ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က နေအိမ်အပေါ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုတော့ ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ဟာ အရပ်သားသာဖြစ်ကြောင်းနဲ့ ပစ်ခတ်ပြီးနောက် PDF အဖွဲ့ဝင်တွေက ဖုန်းနဲ့ ငွေကျပ် ၂ သိန်းပါတဲ့ ပိုက်ဆံအိတ်ကိုပါ ယူဆောင်သွားတယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ကို သူတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ကို ပစ်ခတ်ရှင်းလင်းရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံ သံလွင်တိုင်းမ်က ဆက်သွယ်ထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.