မော်လမြိုင်၊ ဇွန်(၂၁)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း အလုပ်သမားရှားပါးမှုပြဿနာ ပိုမိုကြီးထွာလာတဲ့အတွက် အခုနှစ်မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးစပါးစိုက်ပျိုးချိန်မှာ ဧရာဝတီ၊ ပဲခူးတိုင်းအပါအဝင် အနယ်နယ်အရပ်ရပ်က ကျွမ်းကျင်လုပ်သားတွေ လာရောက်တာတွေရှိပေမယ့် ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်တာ၊ လမ်းခရီးသွားလာရခက်ခဲတာအပြင် စစ်ကောင်စီရဲ့ ဧည့်စာရင်းအပါအဝင် ကန့်သတ်ချက်တွေကြောင့်လည်း အလုပ်သမားဝင်ရောက်မှု သိသိသာသာ ကျဆင်းနေတာပါ။

ဒေသတွင်း လုပ်သားအများစုကလည်း ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှုနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြောင့် တဖက်နိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ကိုင်လာကြတဲ့အတွက် အလုပ်သမားရှားပါးမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

တောင်သူတစ်ဦးကတော့ အလုပ်သမားခေါ်ယူလို့ မရတာအပြင် လုပ်ခဈေးနှုန်း ကြီးမြင့်နေတဲ့အ တွက် မိုးစပါးစိုက်ခင်းစိုက်ပျိုးဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတဲ့အတွက် ကြဲခင်းစနစ်ကို ပြောင်းလဲကျင့်သုံးလာတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ ဒီနှစ်ကတော့ စိုက်ဧကနည်းတယ်။ အလုပ်သမားရှားပါးလာလို့ ကြဲခင်းကြီးပဲလုပ်တာများသွားတယ်။ စိုက်ခင်းမလုပ်နိုင်တော့ဘူး။ နောက်လုပ်ခကလည်း ဈေးကြီးတယ်ဆိုတော့ ငွေကုန်သက်သာတဲ့ လမ်းကိုလိုက်ရတာပေါ့။ ခါတိုင်းဆိုရင်တော့ ပဲခူးတို့ အညာဘက်ခြမ်းကတို့ လက်စိုက်အဖွဲ့တွေကတော့လာတယ်။ ဒီနှစ်ကတော့သူတို့လည်း လာလို့အဆင်မပြေဘူးဆိုတာသိတော့ ဒီဘက်ခြမ်းကလူတွေက အကုန်လုံးကြဲခင်းကြီးပဲ လုပ်တာများတယ်။ အရင်က ရွာခံလုပ်သားကရှိတယ်။ အခုနောက်ပိုင်း ရွာမှာက လယ်အလုပ်ဆိုတာက ပုံမှန်တော့မရှိဘူးလေ။ သူ့ရာသီအချိန်လောက်ပဲရှိတယ်ဆိုတော့ ဒီအလုပ်ကိုပဲမှီပြီးတော့ အလုပ်သမားတွေက နေလို့မရတော့ဘူး။ ဒီမှာနေဖို့ဆိုရင် စားဝတ်နေရေးက ပုံမှန်အလုပ်မဟုတ်တော့ အဲဒါကြောင့် တဖက်နိုင်ငံကို ထွက်ပြီးတော့ အ လုပ်လုပ်ကြတာများတယ်။ ဒီမှာကအလုပ်လုပ်တဲ့ လူဦးရေကနည်းလာတာပေါ့”လို့ ဆိုပါတယ်။

မိုးစပါးစိုက်ပျိုးတဲ့ ကျွမ်းကျင်လုပ်သားတွေဟာ စစ်တပ်အာဏာမသိမ်းခင်က တစ်ရက်နေ့စားလုပ်ခကို ကျပ် (၄၀၀၀) ဝန်းကျင်သာပေးရပေမယ့် လက်ရှိမှာတော့ ကျပ်(၁၀၀၀၀) ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာသလို လုပ်သားခေါ်ယူလို့မရတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

တောင်သူတစ်ဦးကလည်း လုပ်သားရှားပါးလာတဲ့အတွက် အချိန်နဲ့တပြေးညီ စပါးစိုက်ပျိုးလို့ မနိုင်တာကြောင့် ကြဲခင်းစနစ်တွေကိုသာ အသုံးပြုနေရပြီး အခုလို ကြဲခင်းစနစ်အသုံးပြုတာကြောင့် အထွက်နှုန်း သိသိသာလျော့ကျလာနိုင်တယ်လို့ ပြောပါတယ်။

“ဒီကြဲပက်စနစ် အသုံးပြုလာကြတော့ ဘာတွေအခက်အခဲရှိလဲဆိုတော့ သူကမျိုးအောင်ဖို့က တော် တော်လေးကို စိန်ခေါ်မှုတွေ အများကြီးပဲ။ ကြဲစနစ်က မိုးကနင်းကန်ရွာချလိုက်ရင် ရေကြီးပြီးတော့ သေတယ်။ တစ်ခါရွှေခရုတွေရဲ့ ဖျက်ဆီးတာကို ခံရတယ်။ စိုက်ခင်းထက်စာရင်တော့လည်း ကြဲခင်းက အထွက်နှုန်းတော့လျော့တာပေါ့။ စိုက်ခင်းလောက်တော့ မသီးဘူးပေါ့။ တောင်သူတွေက ဘယ်လိုလုပ်လာလဲဆိုတော့ တော်တော်များများမှာ ကြားနေရတာက ကြဲပက်စနစ်ကို နွေထဲကထွန်စက်တွေနဲ့ ထိုးထွန်ပြီးတော့ မိုးမရွာခင်မှာ ကြဲထားလိုက်တယ် စပါးကိုလေ။ အဲဒီစနစ်ကျတော့ စပါးထွက်နှုန်းက တော်တော်မကောင်းဘူးပေါ့၊ တော်တော်ကျဆင်းတာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ တောင်သူတွေဟာ လုပ်သားရှားပါးမှုပြဿနာအပြင် စိုက်ပျိုးရေးသုံးသွင်းအားစုဈေး နှုန်းကြီးမြင့်မှုဒဏ်တွေကိုပါ ခံစားနေရတာကြောင့် မိုးစပါးစိုက်ပျိုးမှုတွေကို လျော့ချစိုက်ပျိုးလာကြသလိုဖြစ်သလို စိုက်ပျိုးတာတွေရှိလာတယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ စပါးစိုက်ပျိုး ဧက (၇)သိန်း နီးပါးရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်စပါးတင်းပေါင်း သိန်း (၄၃၀)ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲပြီး တခြားပြည်နယ်နဲ့တိုင်းတချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း အထွေထွေကုန်ကျစရိတ်ကြီးမြင့်ဒဏ်ကြောင့် လယ်ယာမြေတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံလာရသလို ချေးငွေမလုံလောက်မှု ပြဿ နာကြောင့် အတိုးပေါ်အတိုးဆင့်ကာ အရှုံးနဲ့ရင်ဆိုင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.