“ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ – မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသား များအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း”အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဇွန် ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ရမ်းသမ်းပစ်ခတ်မှု၊ အဓမ္မဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးလုယူမှု အပါအဝင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေဟာ ဒေသတွင်းရှိ လူမှုအသိုက်အဝန်းအပေါ် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ KHRG ဆိုထားပါတယ်။

ဒါကြောင့် အစီရင်ခံစာ ထုတ်ပြန်ရတဲ့အခြေအနေ၊ စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်မှုတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေထံ တောင်းဆိုလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ “ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ” အစီရင်ခံစာထုတ်ပြန်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော်တို့ အစီရင်ခံစာရဲ့ အဓိကအကြောင်းအရာကတော့ စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို မီးမောင်း ထိုးပြီးတော့ ဖော်ပြတာဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့အရပ်သားတွေ မြေစာပင် ဖြစ် ရတဲ့ အကြောင်းကို ကျွန်တော်တို့ အဓိကမီးမောင်းထိုးဖော်ပြထားခြင်း ဖြစ်တယ်။

-အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ဒေသတွင်းလူမှုအသိုက်အဝန်းအပေါ် ဆိုးရွားတဲ့အကျိုးဆက်တွေက ဘာတွေလဲ၊ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲတွေက ဘယ်လိုဆိုးကျိုးမှု ခံစားကြုံတွေ့နေရလဲ။

အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့်ဆိုးရွားတဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ လူသားမျိုးနွယ် အ ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ ဒါတွေကို နောက်ဆက်တွဲအနေနဲ့ ဖြစ်ပွားစေတယ်ပေါ့။ အပြစ်မဲ့အရပ်သား တွေကို တိုက်ခိုက်တာဆိုရင် ဟိုးယခင် စစ်အာဏာရှင်အုပ်ချုပ်မှုကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ရှိတဲ့ အရပ်သားပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အရာတစ်ခုဖြစ်တယ်။ တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ ကျေး ရွာတွေနား ရွာသားတွေကိုတွေ့ရင် မတရားဖမ်းဆီးခံရတာမျိုးတွေ၊ ညှင်းပန်းနှိပ်စက်ခံရတာမျိုးတွေ သတ် ဖြတ်ခံရတာမျိုးတွေ ရှိခဲ့သလိုမျိုး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာမျိုးတွေ လုပ်ဆောင်တာ ရှိတယ်။ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ဒါတွေက ဆက်လက်ဖြစ်ပွားနေတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ကြားမှာ ဖြစ်ပွားရင် အရပ်သားပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်။

မတရားသတ်ဖြတ်ခံရတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်မှုကြောင့် ဒီအရပ်သား ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးသလိမျိုးပဲ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးကြရတယ်။ သူတို့ ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးရတယ်။ အဆိုးဆုံးက စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုပေါ့။ လေကြောင်းတိုက်ခိုက်မှုက အိုးအိမ်စည်းစိမ်တွေ အများကြီးထိခိုက်ပျက်စီးသလို မျိုး ပဲ။ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးပေးခန်းတွေကလည်း လုံးဝကို ပျက်စီး သွားတာပေါ့။ ကြည့်လိုက်မယ်ဆို တမင်သက်သက် ဘာမှမဆိုင်တဲ့ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်တာပဲ ဖြစ်တယ်။ လက်နက်ကိုင်တဖွဲ့နဲ့ တဖွဲ့ကြား တိုက်ခိုက်တာမျိုးမဟုတ်ဘူးပေါ့။ ဒီလိုလုပ်ဆောင် ချက်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုတွေကို ချိုးဖောက်ရာ ရောက်သလိုပဲ စစ်ရာဇဝတ်မှု လည်း မြောက်ပါတယ်။

-မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေထံ ဘာတွေတောင်းဆိုချင်တာ ရှိမလဲ။

စစ်ကောင်စီရဲ့ အရပ်သားအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းက အာဆီယံကို အဓိက ဘာကိုတောင်းဆိုလဲ ဆိုတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ငါးချက်ကို ပြုပြင်ပြောင်း လဲဖို့အတွက်က ကျွန်တော်တို့ အဓိကထား တောင်းဆိုရခြင်း ဖြစ်တယ်။ လက်ရှိအချိန်မှာ ကရင်ပြည်နယ်အ တွင်းမှာဆိုရင် ဒေသခံ ပြည်သူခြောက်သိန်းဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ထွက်ပြေး တိမ်းရှောင်နေရတဲ့ လူဦးရေဟာဆိုရင် လူသားချင်းစာနာထောက်ထားမှု အကူအညီကို နေ့စဉ်လိုအပ်နေတယ်။ အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်အောင် မြေပြင်မှာ တကယ့်ရာစုနှစ်နဲ့ချီပြီးတော့ လူသားချင်းစာနာထောက်ထားအကူအညီပေးတဲ့အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ စကစကနေ တဆင့်သူတို့က ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အကူအညီလိုအပ်မယ့် ပြည်သူတွေဆီရောက်ရှိမှာ မဟုတ်သလိုမျိုးပဲ စစ်ကောင်စီကဆိုရင် လူသားချင်း စာနာမှုအကျပ်အတည်းကို အဓိကဖြစ်ပေါ်စေတဲ့ အကြောင်းတရား ဖြစ်ကြောင်း ကျွန်တော်တို့က သူတို့ကို အမြဲတမ်းတိုက်တွန်းတာပေါ့။

-နောက်ဆုံးအနေနဲ့ ဒီအစီရင်ခံစာအပေါ် ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။

ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေရဲ့ မတရားညှင်းပန်းအုပ်ချုပ်မှုအောက် ကြုံတွေ့ ရတဲ့ အရပ်သား ပြည်သူတွေအတွက် တရားမျှတမှု ရရှိလာအောင် ၂၀၂၁ခုနှစ် စစ်ကောင်စီရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေတွေ ဒီချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိလာအောင် သက်ဆိုင်ရာကို ဖိအားပေးဖို့ ဖြစ်နိုင်တဲ့ နည်း လမ်းကနေ အရေးယူဆောင်ရွက်မှုတွေပြုပေးဖို့ ဒါကျွန်တော်တို့ တောင်းဆိုတာတွေ ရှိတယ်။

ကြီးလေးတဲ့ ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ သူတွေအပေါ်မှာ အရေးယူဆောင်ရွက်လာမှု ရှိလာဖို့ တာဝန်ယူတာဝန်ခံမှု ရှိလာဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့ နိုင်ငံတကာကနေ မဖြစ်မနေလုံးဝကို အလျင်အမြန် လုပ်ဆောင်ဖို့အတွက် တရားစီရင်ရေး အခန်းကဏ္ဍကနေ ကျွန်တော်တို့က စဉ်ဆက်မပြတ် တောင်းဆို နေတာရှိတယ်။ ထိခိုက်နစ်နာတဲ့ ပြည်သူလူထုတွေအနေနဲ့ တရားမျှတမှု ခံစားခွင့်ရရှိလာအောင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ဝိုင်းဝန်းပြီး ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.