တနင်္သာရီ၊ ဇွန်(၂၁)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ တိုင်းပကဖတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က ၁၉ ရက်နေ့အထိ တနင်္သာရီမြို့နယ် ဘန်လောနဲ့သမီးလှကျေးရွာပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက် အရာရှိတစ်ဦး၊ ဆေးမှူးတစ်ဦးအပါအဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်ကလည်း ရဲဘော်တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီတိုင်းပကဖ တာဝန်ခံက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃ လုံးအပါအဝင် ဘုရားစေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း သိမ်ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဘန်လောဘက်ကနေ တနင်္သာရီမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ တော်လှန်ရေအင်အားစုတွေက ပြောဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ညောင်ပင်ကွင်း၊ ဘန်လော၊ သမီးလှအပါအဝင် ကျေးရွာ ၁၁ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီနေ့မှာတော့ ဒေသခံတချို့ နေရပ်ပြန်လာတာတွေ ရှိနေပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်က မြို့ပေါ်နဲ့ ရပ်ကွက်တချို့ကိုသာ ထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- တနင်္သာရီတိုင်း ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.