ကြာအင်းဆိပ်ကြီး၊ ဇွန်(၂၁)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဒေသထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး လက် နက်ကြီးထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ ညက မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကနေ KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဒေသထဲကို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အရပ်သားပြည်သူနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခလယ်တံခွန်တိုင်နဲ့ ပုလိန်ကျေးရွာတွေထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းကိုလည်း လက်နက်ကြီးစထိမှန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရသွားခဲ့တဲ့ ဒေသခံပြည်သူ ၃ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အရေးပေါ်ဆေးကုသမှုခံယူနေရပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ခလယ်တံခွန်တိုင်ကျေးရွာအတွင်းရှိ ရဲစခန်းဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ်တို့ဟာ KNU တပ်မဟာ(၆)နယ်မြေထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.