ကျိုက်ထို၊ ဇွန်(၂၁)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ စုပေါင်းနေထိုင်တဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ကင်မွန်းချောင်းကျေးရွာအနီးပတ်ဝန်းကျင် ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်လိုက်တဲ့ ဗုံးသီးတွေဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ ရဲစခန်းအတွင်း ရပ်ထားတဲ့ကားတစ်စီးနဲ့ အဆောက်အဦးတချို့သာ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ပြောဆိုတာပါ။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက် တပ်အင်အား ၂၀ ကျော် ထပ်မံဖြည့်တင်းပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း မကြာခဏဆိုသလို တိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်း ထိခိုက်ပျက်စီးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.